အာဏာသိမ်း စစ်တပ်နှင့် ရဲက ပစ်သတ်၍ ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် လူ ၅၀၀ ကျော် သေဆုံးအပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဗြိတိန်မှ ခေါ်ယူထားပြီး ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်သည်။
အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်မည့် တံခါးပိတ် အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှရိန်နာ ဘာဂန်နာက အစီရင်ခံ တင်ပြမည်ဖြစ်သည်။
ယခု လုံခြုံရေးကောင်စီ အစည်းအဝေးမှ သဘောတူထုတ်ပြန်ကြေညာချက် တစုံတရာ ပေါ်ထွက်လာမည်လား မသေချာပါ။
တချိန်တည်းတွင် နိုင်ငံ ၄၅ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ဟောင်းများနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်းများ ပါဝင်သော Global Leadership Foundation က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ထံသို့ စာတစောင်ပေးပို့ခဲ့ပြီး လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးရန် တောင်းဆိုခဲ့သည်။
အဖွဲ့ ဥက္ကဋ္ဌ တောင်အာဖရိက သမ္မတဟောင်း အက်ဖ်ဒဗလျူ ဒီကလပ်က လက်မှတ်ရေးထိုးထားသော အဆိုပါစာတွင် မြန်မာနိုင်ငံတွင်း သတ်ဖြတ်နေမှုများအား ရပ်တံ့စေရန် ၂၀၀၅ ခုနှစ်တွင် သဘောတူညီထားသော Responsibility to Protect – R2P စည်းမျဉ်းကို အသုံးပြုရန် တောင်းဆိုလိုက်သည်။
“ကျွန်ုပ်တို့ ဆက်လက်ရွေးချယ်စရာ ဘာမျှမကျန်တော့။ ယင်းသည် အောက်ဆုံးသို့ ရောက်ပြီ”ဟု အဖွဲ့တွင် ပါဝင်သော ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်ကလည်း ထုတ်ပြန်ကြေညာသည်။
သို့သော် မြန်မာနိုင်ငံအား အမြဲလို ကာကွယ်ပေးနေပြီး လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာကိုင်ထားသည့် တရုတ်နှင့် ရုရှတို့ကြောင့် R2P စည်းမျဉ်းကို အားလုံးသဘောတူ လိုက်နာကျင့်သုံးရန် ခက်ခဲနေသည်။
မတ်လ ၁၀ ရက် ကောင်စီအစည်းအဝေးအပြီး အဖွဲ့ဝင် ၁၅ နိုင်ငံလုံး၏ သဘောတူ ထုတ်ပြန်ကြေညာချက်တွင် ကောင်စီအနေဖြင့် “အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲခြင်းအား ပြင်းထန်စွာ ရှုတ်ချသည်”ဟု ရေးသားခဲ့သည်။
ထိုကြေညာချက်စာသားများကို နောက်ဆုံး အပြီးသတ်ချိန်တွင် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တို့က ဗြိတိန်က မူကြမ်းရေးဆွဲသည့် ကြေညာချက်တွင် အာဏာသိမ်းမှုအား ရည်ညွှန်းခြင်းနှင့် နောက်ထပ်အရေးယူမှုများ စဉ်းစားသုံးသပ်ရန် ခြိမ်းခြောက်ခြင်း စသည်တို့ကို ဖယ်ရှားခြင်းအပါအဝင် ပြင်ဆင်ချက်များ ထည့်သွင်းခဲ့ကြသည်။
ရုရှအနေဖြင့် ရုရှား ဒု ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒား ဖိုမင်အပါအဝင် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်သို့ စေလွှတ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစေခဲ့သည်။
စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ ၂၀၁၉ ခုနှစ်လေ့လာမှုအရ ရုရှားသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့သည့် အဓိက နိုင်ငံဖြစ်ပြီး ၂၀၁၄-၂၀၁၉ တွင် လက်နက်ဝယ်ယူမှု၏ ၁၆ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၀-၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ လက်နက်ဝယ်ယူမှုတွင် ရုရှားလုပ်လက်နက်များအတွက် အမေရိကန်ဒေါ်လာ ၈၀၇ သန်း သုံးစွဲခဲ့သည်။
တနင်္လာနေ့က ကျင်းပသော ရုရှအစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီပီစကော့က မြန်မာနိုင်ငံတွင်း အရပ်သားသေဆုံးမှုများ မြင့်တက်လာနေခြင်းအပေါ် ကရင်မလင်အနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက် ရှိကြောင်း ပြောသည်။
အလက်ဇန္ဒား ဖိုမင်၏ ခရီးစဉ်သည် ရုရှ၏ ရပ်တည်ချက်ဟု မကောက်ယူသင့်ကြောင်းလည်း ဒီမီထရီပီစကော့က ဆိုသည်။
“မြန်မာနဲ့ ရှည်ကြာပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ကျနော်တို့မှာ ရှိနေတာ ခင်ဗျားတို့ အသိပဲ။ ၂ နိုင်ငံကြား ဆက်ဆံရေးမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အမှန်တကယ်ရှိနေခဲ့တယ်။ ဒီဟာကို လေးစားအသိအမှတ်ပြုရမယ်။ ဒါပေမယ့် ဒါဟာ (မြန်မာ)နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဝမ်းနည်းကြေကွဲစရာဖြစ်ရပ်တွေကို ကျနော်တို့ ထောက်ခံနေခြင်း လုံးဝ မဟုတ်ပါဘူး”ဟု ဒီမီထရီပီစကော့က ဆိုသည်။
ကိုးကား။ ။ AFP, Reuters, Brisbane Times
You may also like these stories:
ဖမ်းထားသူများ ပြန်လွှတ်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြင်းထန်စွာ သတိပေး
မြန်မာလူထုကို ထိရောက်စွာကာကွယ်ရန် တောင်ကိုရီးယား အဖွဲ့အစည်းများ တောင်းဆို
ရန်ကုန်တဖက်ကမ်းက ညသန်းခေါင်ယံ ကြွေလွင့်သွားတဲ့ ကြယ်များ
စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား