ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲရင်ဆိုင်နေရသည့် မြို့ နယ် စည်ပင်ကော်မတီ ဥက္ကဌ ဦးဇေယျကျော် အပါအဝင် ၄ ဦးကို ယနေ့ မတ်လ ၃၀ ရက်နေ့တွင် အမိန့်ချရန် ချိန်းဆိုထား သော်လည်း အမိန့်မချ ဖြစ်ကြောင်း သိရသည်။
လာမည့် ရုံးချိန်းကို ဧပြီလ ၁၂ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး တရားရုံးဘက်က ယခုအမှုကို အမိန့်ချရန် အ ဆင်သင့် မဖြစ်သေးဟု အကြောင်းပြခဲ့ကြောင်း ၎င်းအမှုအား လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂ ီ မောင်က ပြောသည်။
“ဒီနေ့ အမိန့်မချ ဖြစ်ဘူး။ ဧပြီလ ၁၂ ရက်နေ့ကိုပဲ ပြန်ချိန်းလိုက်တယ်။ ကျမတို့ ဖြစ်စေချင်တာက အမှုတွဲ ပေါ်ပေါက် ချက်အရပဲ ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် အမိန့်ချစေချင်တယ်။ ဖိအားပေးတဲ့ ပုံစံမျိုးပေါ့။ အဲလိုပုံစံမျိုး တရားစီရင်ရေး စနစ်ကို မလိုလားဘူး”ဟု ရှေ့နေ ဒေါ်သိင်္ဂ ီမောင်က ဧရာဝတီသို့ ပြောသည်။
ထိုသို့ အမိန့်ချမည့် ရုံးချိန်းတွင် အမိန့်မချဘဲ တရားရုံးက နောက်ထပ် ရုံးချိန်းပေးလိုက်သည့်အတွက် မိသားစုဝင်များ အနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း တရားစွဲခံရသူ ဦးဇေယျကျော်၏ ဇနီးဖြစ်သူ ဒေါ်ဟန်စုလှိုင်က ပြောသည်။
ဒေါ်ဟန်စုလှိုင်က“ကျမ အမျိုးသား ကိုဇေယျကျော်တို့ အမှုကို ဒီနေ့ အမိန့်ချမယ်ဆိုလို့ ကျမတို့ လွတ်တော့မယ်ဆိုပြီး ပျော်နေကြတာ။ အခုလို နောက်ထပ်ရုံးချိန်းလိုက်တဲ့အတွက် ဘာပြောရမှန်းတောင် မသိတော့ဘူး။ တော်တော် စိတ်မ ကောင်လည်း ဖြစ်မိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံရသူ ၄ ဦးမှာ မြို့နယ်စည်ပင်ကော်မတီဥက္ကဌ ဦးဇေယျကျော်၊ မြို့ နယ် စည်ပင်ကော်မတီဥက္ကဌ (ဟောင်း) ဦးစန်းငွေ၊ ရခိုင်အမျိုးသားပါတီမှ တောင်ကုတ်မြို့နယ် အလုပ်အမှုဆောင် ဦး ဝေသောင်းနှင့် ဦးဇေယျကျော်၏ ညီ မိုက်ကယ်(ခ) စည်သူကျော်ဇံတို့ ဖြစ်သည်။
၎င်းတို့ ၄ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တောင်ကုတ်မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စည်ပင်ကော်မတီဥက္ကဌ ဦးဇေယျကျော် အပါအဝင် တောင်ကုတ်မြို့ခံ ၄ ဦးကို ပြီးခဲ့သော ၂၀၂၀ ခုနှစ် မေလ အတွင်းက စစ်ဆေးစရာများ ရှိသည်ဟုဆိုကာ နေအိမ်ကနေ ရဲတပ်ဖွဲ့နေ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့ ၄ ဦးသည် ရက္ခိုင့်စစ်တပ် (AA)နှင့်တစုံတရာ ပတ်သက်ဆက်နွယ်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ယခုလို အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဗုဒ္ဓဟူးတွင် ဆွေးနွေးမည်
ထိုင်းက လက်မခံ၍ ကရင် စစ်ရှောင်ဒုက္ခသည်များ နေရပ် ပြန်နေထိုင်ရ
မြန်မာလူထုကို ထိရောက်စွာကာကွယ်ရန် တောင်ကိုရီးယား အဖွဲ့အစည်းများ တောင်းဆို