၅၀၅ (က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ နေပြည်တော် လွှတ်တော် အ မတ်များ ဖြစ်သည့် ဦးကျော်မင်းလှိုင်နှင့် ဦးသန့်စင်ထွန်း ၂ ဦးကို ယနေ့တွင် နေပြည်တော် အချုပ်ထောင်၌ ယာယီ တရားရုံး ပြုလုပ်၍ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းတို့အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဖြစ်သူက“အချုပ်ထောင်ထဲမှာ ယာယီ တရားရုံးဖွင့်ပြီး ထုတ်တာ။ တရားခွင် နှစ်နေရာလုပ်ပြီးတော့ စစ်ဆေးတာပေါ့”ဟု ပြောသည်။
ယနေ့ရုံးချိန်းတွင် ဦးကျော်မင်းလှိုင်နှင့် ဦးသန့်စင်ထွန်းတို့နှစ်ဦးကို စစ်ဆေးခြင်း မရှိသေးဘဲ အမှုကို သတ်မှတ်အချိန် ကာလတခုအတွင်း ပြီးပြတ်အောင် စစ်ဆေးမည်ဆိုသည့် တရားရုံးမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကိုသာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဦးသန့်စင်ထွန်းကို ဒီနေ့ ရှေ့နေ ကိုယ်စားလှယ်စာတင်တယ်။ မှုခင်းစီမံခန့်ခွဲမှုလုပ်တယ်။ ဦးကျော်မင်းလှိုင်ကိုလည်း မှုခင်းစီမံခန့်ခွဲမှု လုပ်တယ်။ သူကတော့ ရှေ့နေ့ကိုယ်စားလှယ်လွှဲစာ အရင်အချိန်းထဲက တင်ပြီးသား”ဟု အမှုလိုက် ရှေ့နေတဦးက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ဥတ္တရသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မင်းလှိုင်မှာ မတ်လ ၁ ရက်နေ့တွင် အဖမ်းခံရပြီး ဒက္ခိဏသီရိမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်းမှာ မတ်လ ၂ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခံခဲ့ရခြင်း ြ ဖစ်သည်။
၎င်းတို့ ၂ ဦးကို ယနေ့ ရုံးချိန်းတွင် နေပြည်တော် အချုပ်ထောင်၌ ရုံးထုတ်စစ်ဆေးခဲ့သော်လည်း နောက်ရုံးချိန်းများတွင် ဦးကျော်မင်းလှိုင်ကို ဥတ္တရသီရိမြို့နယ်တရားရုံး၊ ဦသန့်ဇင်ထွန်းကို လယ်ဝေးမြို့နယ် တရားရုံးတို့တွင် လာမည့် ဧပြီလ ၈ ရက်နေ့၌ ရုံးထုတ် စစ်ဆေးရန် ရှိကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူသည်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ရက်က ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ၎င်းကို အစိုးရဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်အောင် ကြိုးပမ်းသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် တရားစွဲထားသည်။
ဦးမင်းသူအမှုနှင့် ပတ်သက်၍လည်း ရှေ့နေအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိရန် အချုပ်ထောင် တာဝန်ရှိသူများမှ တဆင့် တင်ပြခဲ့ကြောင်း သိရသည်။
“သူ့(ဦးမင်းသူ)အမှုကို လိုက်ဖို့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေကိုယ်စားလှယ်လွှဲစာကို ဦးမင်းသူဆီကနေ ရယူခွင့်ပေးပါဆိုပြီး နေပြည်တော် အကျဉ်းထောင်မှာ စာတင်ခဲ့ပါတယ်။ သူတို့ အကြောင်းပြန်မယ် ပြောပါတယ်” ဦးမင်းသူဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေတဦးက ပြောသည်။
ဦးမင်းသူနှင့် ယနေ့အထိ တွေ့ခွင့်မရသေးကြောင်းလည်း ယင်းရှေ့နေက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း နေပြည်တော်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ သည် ပြင်ဦးလွင်မြို့နယ်တွင် မိသားစုနှင့်အတူ တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
You may also like these stories:
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ဖမ်းဆီးခံရ
စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ
မြန်မာ့ CDM လှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရ