ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၃)နယ်မြေအတွင်းရှိ ရွှေတူးဖော်နေသည့် နေရာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ရွှေကျင်နေသည့် အမျိုးသား ၇ ဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သတင်းရရှိသည်။
ယနေ့၊ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်တပ်၏ တိုက်လေယာဉ်တစီးက ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ (၃)က ဧရာဝတီကို အတည်ပြု အတည်ပြုပြောဆိုသည်။
KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ ကရင်လူမှုရေးရာ အဖွဲ့မှ ဦးစောအယ်စတားကလည်း “လေယာဉ်နဲ့ ကျဲတာ။ မဒမ ချောင်းဖျားမှာ ကျဲချတော့ ရွှေတူးဖော်တဲ့ အဖွဲ့တွေ ရွာသားတွေ ၇ ဦး သေဆုံးသွားတာပါ။ နေ့လည် ၁၂ ခွဲလောက်မှာ ဖြစ်တာပါ။ ၉ ဦး ထိထားတဲ့ထဲမှာ ၂ ဦးကတော့ ဆေးကုနေရဆဲပါပဲ။ ကျနော်တို့ KNU ထိန်းချုပ် နယ်မြေထဲမှာပဲ ကုသပေးနေပါတယ်” ဟု ပြောသည်။
သေဆုံးသွားသူ ၇ ဦးအနက် ၂ ဦးမှာ ရွှေကျင်မြို့မှ ဒေသခံများ ဖြစ်ပြီး ကျန် ၅ ဦးမှာ အခြားဒေသမှ ရောက်လာပြီး ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင် နေသူများ ဖြစ်သည်ဟု ဦးစောအယ်စတားက ဆိုသည်။
ဒဏ်ရာရရှိထားပြီး ဆေးကုနေရသူ ၂ ဦးထဲမှ တဦးမှာ အရပ်သား ဖြစ်ပြီး ကျန်တဦးမှာ KNU တပ်ဖွဲ့ဝင် ဖြစ်သည်။
ဆက်လက်ပြီး ဦးစောအယ်စတားက “ကျနော်တို့ တပ်ဖွဲ့ဝင်ကတော့ အခြေအနေ သိပ်မကောင်းဘူး။ သူရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ သူဆုံးဖို့ အခြေအနေများပါတယ်” ဟု ပြောသည်။
ပစ်ခတ်ခံရသည့် နေရာ၊ မဒမချောင်းရှိ ရွှေတူးဖော်နေသည့် နေရာသည် KNU တပ်မဟာ (၃) ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီလီမိတတ်တို့မှ ပူးပေါင်းကာ ရွှေသတ္တုတူးဖော်ရေးများ လုပ်ကိုင်နေသည့် နေရာဖြစ်သည်။
အစိုးရ၊ စစ်တပ်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးပြီးနောက် ၂၀၁၇ ခုနှစ်တွင် မဒမချောင်း တလျှောက်၌ ရွှေတူးဖော်ရေးလုပ်ငန်းကို နိုင်ငံတော် နှင့် အကျိုးတူလုပ်ဆောင်ခွင့်ပြုရန် KNU တပ်မဟာ (၇) ဌာနချုပ်က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
KNU က ရွှေတူးဖော်ခြင်း အပြင် မဒမ ချောင်းရိုးတလျှောက်ရှိ သဲသောင်များ တူးကာ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သုံးရန် သဲ၊ကျောက် ထုတ်ယူခွင့် ရရှိရေး၊ သဲနုံးများတွင် ပါဝင်သည့် ရွှေသတ္တုများကို အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ရွှေဖက်စပ် ကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကိုင်ခွင့်ရရှိရေး ၊ တပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင် ရရှိရေးနှင့် သက်သာချောင်ချိရေး စရိတ်များ ရရှိစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် အစိုးရထံမှ ခွင့်ပြုချက် ရယူကာ လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဖက်စပ်လုပ်ကိုင်နေသည့် ရွှေဓနထွန်းလင်း ကုမ္ဗဏီသည် ရွှေတူးဖော်ခြင်းများ ပြုလုပ်ရာတွင် တရုတ်နိုင်ငံသား ပညာရှင် နှင့် ကျွမ်းကျင်လုပ်သားများကို ငှားရမ်းကာ လုပ်ကိုင်ပြီး ထိုကုမ္ဗဏီ၏ သက်တမ်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ အထိဖြစ်သည်။
You may also like these stories:
ဖားကန့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးနေရ
ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ