စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက အသက် ၁၈ နှစ်အရွယ် လူငယ် တဦးကို ဝိုင်းဝန်း ဖမ်းဆီး ရိုက်နှက်ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သည်။
ယင်းသို့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ရိုက်နှက်ခံရ သော်လည်း အသက်မသေဘဲ ပြန်လည်လွတ်မြောက်သည့် လူငယ်ကို ၎င်းဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ဝိုင်းဝန်း ရိုက်နှက်ခံရသည့် အခြေအနေကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ အရင်ဦးဆုံး ဘယ်လို အဖမ်းခံရတယ်ဆိုတဲ့ ဖြစ်စဉ်လေး ပြောပြပါဦး။
ဖြေ။ ။ ကျနော်က ဆိုင်ကယ်နဲ့ ပစ္စည်းလေး သွားယူတာ။ အဲဒီကနေအပြန် ရပ်ဆိုပြီး အော်တော့ ကျနော်က ဆက်မောင်း လိုက်တာ။ သူတို့ကို ဆဲတယ် ဆိုပြီး နောက်ကနေ မျဉ်းလုံးနဲ့ လှမ်းပစ်လိုက်တာ။ ခေါင်းမူးသွားပြီး မလှုပ်နိုင်တော့ ဖမ်းပြီး ဝိုင်းပြီး ထိုးကြတယ်။ အယောက် ၂၀ လောက်တော့ ရှိမယ်။
မေး။ ။ ဘယ်အချိန်လောက်က ဖြစ်တာလဲ။
ဖြေ။ ။ ညနေပိုင်း။၂၉ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က။
မေး။ ။ ပြီးတော့ ဘယ်လို ဆက်ဖြစ်သေးလဲ။
ဖြေ။ ။ ပြီးတဲ့အခါကျ ကျနော့်ကို လက်ထိပ်တွေ ဘာတွေခတ်၊ သေနတ်ဒင်တွေနဲ့ ရင်ဘတ်ကိုဆောင့်။ ဖိနပ်တွေနဲ့ ကျော တွေကို ကန်တယ်။ သေနတ်ပြောင်းဝတွေနဲ့လည်း ရင်ဘတ်တွေ၊ ကျောတွေကို ဆောင့်တာပေါ့။
မေး။ ။ အဲဒီနောက်တော့ရော ဘယ်ကို ခေါ်သွားသေးလဲ။
ဖြေ။ ။ ခေါ်တော့ မခေါ်သွားဘူး။ သူတို့ထဲက အရာရှိတယောက် ရောက်လာပြီး လွှတ်ပေးလိုက်တဲ့ဆိုပြီး ပြောတယ်။ ပြန် လွှတ်ခိုင်းလိုက်တာ။ အသက်လည်း မပြည့်ဘူး။ ထောင်ချလို့လည်း မရသေးဘူးဆိုပြီး ပြန်လွှတ်လိုက်တာ။ အရာရှိ မလာ ခင်က ဘာမှလည်း မစစ်၊ မမေး၊ မမြန်းဘဲ ရိုက်ကြတယ်။ အရာရှိလာမှ စစ်ပြတယ်။ ကျနော့်ဆိုင်ကယ်ထဲမှာလည်း ဘာမှ မပါဘူး။ ဖုန်းထဲမှာလည်း ဘာမှ မထည့်ထားဘူးဆိုတော့ လွှတ်ပေးလိုက်တာ။
မေး။ ။ သူတို့ပြောသလို ဆဲခဲ့သေးလား။
ဖြေ။ ။ ကိုယ့်ဟာကိုယ် ဒီတိုင်း သွားနေတာ။ ဆဲတာလည်း မရှိဘူး။ အဲဒါကို သူတို့က ဝါးရင်းတုတ်နဲ့ လှမ်းပြီး ပစ်လိုက်တာ။
မေး ။ ။ လက်ရှိရော ဒဏ်ရာတွေ ရတာ ရှိသေးလား။
ဖြေ။ ။ ခေါင်းက တုတ် မိလိုက်တာ ပေါက်တော့ မပေါက်သွားဘူး။ ဘုတည်ပြီး အိသွားတာရယ်။ မျက်ကွင်းတွေ ညိုပြီး ရောင်တာရယ်။ ရင်ဘတ်တွေ ရောင်ပြီး ခါးတွေ နာနေတာရယ်ပဲ။ မနေ့က ဆေးရုံတော့ တက်ထားတယ်။
မေး ။ ။ ယူနီဖောင်းက ဘာတွေဝတ်ထားကြလဲ။
ဖြေ။ ။ အယောက် ၂၀ လောက်ရှိတယ်။ ရဲတွေလည်း ပါတယ်။ သူတို့က သူတို့အရာရှိကို Fake News ပေးတာ။ ကားပေါ် တင်ထားတယ်။ ကားပေါ်ကနေ ခုန်ချပြီး ပြေးတာ။ တကယ်တမ်းကျတော့ ကျနော့်ကို ကားပေါ်တောင် မတင်ရသေးဘူး၊ ရိုက်နေတုန်း။ ဝတ်စုံတော့ အပြည့်အစုံ ဝတ်ထားတယ်။ ရဲက ဝင်မရိုက်ဘူး။ ကန်တာနဲ့ ရိုက်တာတွေက စစ်သားတွေ။ ရဲတွေက Fake News ပေးတာ။ တူတူပဲ။
မေး ။ ။ ဖမ်းတဲ့အချိန် သူတို့ဘက်က ဘာတွေမေးတာလဲ။
ဖြေ။ ။ ဖမ်းတဲ့အချိန်မှာ ဘာလုပ်တာတုန်း၊ ငါတို့ကို ဆဲသွားတာလားတဲ့။ ကျနော်လည်း မဆဲဘူးဗျာ။ ကျနော့်ဟာ ကျနော် အေးဆေးလေးလာတာလို့ ပြောတာ။ အဲဒါကို အဲဒီလိုပြောရမလား ဆိုပြီး ကျနော့်ကို ရိုက်တာ။ ဖုန်းတွေကိုလည်း စစ်တယ်။ Gallery ထဲလည်း ဝင်ကြည့်တယ်။ Facebook ထဲလည်း ဝင်ကြည့်တယ်။ ဆိုင်ကယ်လည်း စစ်တယ်။
မေး။ ။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဆန္ဒပြပွဲကို ဖြိုခွင်းဖို့ ရောက်နေတာလား။
ဖြေ။ ။ မဟုတ်ဘူးဗျ။ သူတို့က စောင့်နေကြတာ။ ခါတိုင်းလိုပဲ စောင့်နေကြတာ။
မေး။ ။ ဆိုတော့ အခုလို ဖမ်းဆီးရိုက်နှက်ခံရတာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ။ ။ အားလုံးကို ဂရုတစိုက်နဲ့ သွားစေချင်တယ်။ သူတို့က မထင်ရင် မထင်သလို လုပ်မှာပဲ။ သူတို့ကလည်း ညနေခင်းဆို မူးနေတဲ့ အရှိန်ရော၊ နောက် ပိုဆိုးတာ သူတို့က ဆေးတွေပါ သုံးထားသေးတော့ အသွားအလာကို ဂရုစိုက်စေချင်တယ်။
မေး ။ ။ သူတို့ ဆေးသုံးထားတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ။
ဖြေ ။ ။ ကျနော့်ရှေ့တင် အဲဒီဘေးမှာပဲ သူတို့ ဆေးထိုးအပ်တွေ သုံးနေတာ။ ကျနော့်ကို ဆွဲခေါ်လာတဲ့အချိန်မှာ ကား ပေါ်မှာ သုံးနေကြတာ။ အချို့အချို့တွေကျ ဗမာစကားလည်း နားလည်တဲ့ ပုံမပေါ်ဘူး။ ပြောလည်း မပြောကြဘူး။ ဗမာ စကား နားလည်တဲ့ စစ်သားတွေက ဝင်မလုပ်ကြဘူး။ အဲဒီနားမလည်တဲ့ ကောင်တွေက ဝင်ရိုက်ကြတာ။ မူးလည်း မူးနေ ကြတာ။ အရက်နံ့တွေလည်း ရနေတယ်။
မေး။ ။ ကားထဲက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရတာလား။
ဖြေ။ ။ ရှင်းရှင်းလင်းလင်း မြင်ရတယ် ခင်ဗျ။ သေချာကို မြင်ရတယ်ခင်ဗျ။
မေး။ ။ ဆွဲခေါ်တယ်ဆိုတာ ကားပေါ်ကို ဆွဲခေါ်တာလား။
ဖြေ။ ။ ကားပေါ်ကို တင်တော့ မတင်သေးဘူး။ ကျနော်နဲ့ ကားနဲ့က သိပ်မကွာဘူး။ ခြေလှမ်း ၁၀ လှမ်းတောင် မပြည့်ဘူး။ သပိတ်စစ်ကြောင်းလည်း လာတာတွေ့ရော တဖက်ကို လှည့်ခိုင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်က နှာခေါင်းရော၊ ပါးစပ် ရော သွေးတွေ ကျနေပြီ။
You may also like these stories:
စစ်သားနှင့်ရဲ ပစ်သတ်မှု သေဆုံးသူ ၄၅၀ ကျော်ရှိပြီ
မြစ်ကြီးနားတွင် သတင်းထောက် နှစ်ဦး ဖမ်းဆီးခံရ