“ကိုဗစ်-၁၉ အပြင် လူမှုမငြိမ်မသက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများ”ကြောင့် အရေးပေါ်မဟုတ်သော သံဝန်ထမ်းများနှင့် မိသားစုများ မြန်မာနိုင်ငံမှ ထွက်ခွာရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
ထိုကြေညာချက်တွင် အမေရိကန်နိုင်ငံသားများ မြန်မာပြည်သို့ သွားရောက်ခြင်း မပြုရန်လည်း အကြံပြုထားပြီး မြန်မာပြည်ကို ဆိုမားလီးယားနှင့် ဆီးရီးယားတို့နှင့် တန်းတူ အဆင့် ၄ အဖြစ် သတ်မှတ်လိုက်သည်။
အရေးပေါ်မဟုတ်သော သံဝန်ထမ်းများနှင့် မိသားစုများ မြန်မာနိုင်ငံမှ “မိမိဆန္ဒအလျောက် ထွက်ခွာရန်” ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတည်းက အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပြီး ယခုတကြိမ်တွင် အမိန့်ပေး ထွက်ခွာခိုင်းခြင်း ဖြစ်သည်။
“ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) သည် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအား အဆင့် ၄ ကျန်းမာရေးဆိုင်ရာ ခရီးသွားလာမှု သတိပေးချက် ထုတ်ပြန်ခဲ့သည်”ဟု အဆိုပါကြေညာချက်က ဆိုသည်။
“မြန်မာစစ်တပ်သည် ရွေးကောက်ခံကိုယ်စားလှယ်များကို ဖြုတ်ချပြီး ဖမ်းဆီးနေသည်။ စစ်အုပ်ချုပ်ရေး ဆန့်ကျင်သော ဆန္ဒပြပွဲများလည်း ဖြစ်ပွားလျက် ရှိပြီး ဆက်လက်ဖြစ်ပွားမည်ဟုလည်း မျှော်လင့်ရသည်” ဟုလည်း ရေးသည်။
ကြေညာချက်တွင် တိုင်းပြည်၏ နေရာဒေသအများအပြား၌ “လူမှုမတည်မငြိမ်ဖြစ်မှုများ မြင့်တက်”လျက် ရှိပြီး “လက်နက်ကိုင် အကြမ်းဖက်မှုများ”လည်း ရေချိန်အမျိုးမျိုး ဖြစ်ပွားနေကာ အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံသားများအား “အရေးပေါ်ဝန်ဆောင်မှုများ ပေးနိုင်စွမ်း အကန့်အသတ်ဖြစ်နေ”ကြောင်း ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ၏ စာရင်းအရ စစ်တပ်နှင့် ရဲများက ပစ်ခတ်သတ်ဖြတ်၍ သေဆုံးရသူ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် လူ ၅၀၀ ကျော်သွားပြီဟု သိရှိရသည်။
You may also like these stories:
ပိုဆိုးတာ သူတို့က ဆေးတွေပါ သုံးထားကြတော့ အသွားအလာ ဂရုစိုက်စေချင်တယ်
လေကြောင်း တိုက်ခိုက်မှု ကရင်ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ
ဖမ်းထားသူများ ပြန်လွှတ်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြင်းထန်စွာ သတိပေး