သတင်း

အင်ဂျန်းယန်က ဒုက္ခသည် ၉၀၀ ကျော် အကူအညီလိုအပ်နေ

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ တောတွင်း ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၉၀၀ ကျော်ရှိနေပြီး ၎င်းတို့မှာ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု သတင်းရရှိသည်။

စစ်ဘေးရှောင်ဒုက္ခသည်များသည် မတ် ၁၅ ရက်က အင်ဂျန်းယန်မြို့နယ် မြစ်ဆုံစီမံကိန်းအနီးရှိ စစ်တပ်၏ ဂွေထောင် စခန်း ကို KIA က ဝင်တိုက်ရာတွင် တောတွင်းသို့ ထွက်ပြေးရသူများ ဖြစ်သည်။

လက်ရှိတွင် KIA ထိန်းချုပ်နယ်မြေအတွင်းရှိ တောတွင်းတနေရာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၉၀၉ ဦး ရှိသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ သာသနာ့ဝန်ထမ်းတဦးဖြစ်သူ ကိုမုန်အောင်က “စားဝတ်နေရေးက ဆန်လုံးဝကို ခက်ခဲနေပါတယ်။ အခုက စစ်ရှောင်စခန်းဆိုပေမယ့် ကိုယ်ထူကိုယ်ထဆိုတော့ မိုးကာတွေ ရသလောက်ဖုံးပြီး နေနေကြ တယ်။ နောက်တလနှစ်လဆို မိုးတွင်းရောက်ပြီဆိုတော့ ဆေးဝါးတွေ လိုလာတော့မယ်။ အခုချက်ချင်းလိုအပ်နေတာက စားဝတ်နေရေး ဖြစ်ပါတယ်”ဟု ပြောသည်။

KIA ထိန်းချုပ်နယ်မြေအတွင်းရှိ တောတွင်းတနေရာတွင် ခိုလှုံနေသည့် ကချင်စစ်ဘေးရှောင်ဒုက္ခသည် များ

ယခုအခါ တောတွင်းရှာဖွေထားသည့် ဝါးများဖြင့် အိမ်များ စတင်ဆောက်လုပ်နေပြီဖြစ်သော်လည်း အိမ်ထောင်စု ၁၉၅ စုလုံး အတွက် ဆောက်လုပ်နိုင်ခြင်း မရှိဘဲ အိမ်ထောင်စု ၅ စုခန့်သာ ဆောက်လုပ်နိုင်သေးသည်ဟု သိရသည်။

ဆက်လက်ပြီး ကိုမုန်အောင်က “ကျန်းမာရေးပိုင်းမှာက မိန်းကလေးက အသက် ၁၃နှစ်အထက်ကနေ ၄၀ ဝန်းကျင်ကြားက များတယ်။တောထဲမှာဆိုတော့ သူတို့မှာ လစဉ်သုံးတွေက ဝယ်ဖို့ နေရာမရှိဘူး။ ရွာလုံးကျွတ်ပြေးလာရတော့ ခက်ခဲ နေ တယ်။ ကလေးတွေ အတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်”ဟု ပြောသည်။

ကိုမုန်အောင်သည် အင်ဂျန်းယန်မြို့နယ်မှ ဒေသခံတဦးဖြစ်ပြီး လက်ရှိတွင် တောတွင်း၌ ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နီးစပ်ရာမှ အလှူခံနေပြီး စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန် ကြိုးစားနေသူတဦး ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဂျာဆိုင်းခေါန်ကလည်း “သူတို့နဲ့ အဆက်အသွယ်ပြတ်နေတယ်။ ဖုန်းလိုင်းရတဲ့ နေရာကို လာပြီး မဆက်သွယ်ရင်တော့ သူတို့နဲ့ အဆက်အသွယ်ရမှာ မဟုတ်ဘူး။ ကျမတို့ သိတာက အိမ်ထောင်စုနဲ့ လူက ၁၀၀၀ ဝန်းကျင်လောက် ရှိတယ်။ ကျမတို့ မဲဆန္ဒနယ် (၂) ကလည်း ပါတယ်။ နောက် မဲဆန္ဒနယ် (၁)က လူထုတွေလည်း ပါတယ်။ သူတို့က အခြေအနေ မခန့်မှန်းနိုင်တော့ ကြားညှပ်မှာ ကြောက်လို့ ယာခင်းဘက်တွေ သွားပြီး အဲ့ကနေ အထက်ကို ဆက်တတ်သွားတာ ထင်တယ်။ ကျမလည်း သူတို့နဲ့ အဆက်အသွယ် မရဘူး ဖြစ်နေတယ်”ဟု ပြောသည်။

KIA ထိန်းချုပ်နယ်မြေအတွင်းရှိ တောတွင်းတနေရာတွင် ခိုလှုံနေသည့် ကချင်စစ်ဘေးရှောင်ဒုက္ခသည် များ

မတ် ၁၅ ရက်က တိုက်ပွဲကြောင့် ဂွေထောင်၊ တန်ဘောင်ယန် စသည့် ကျေးရွာများမှ ဒေသခံ ၂၀၀ ကျော်မှာ မလိမြစ်ကို ဖြတ်ကူးကာ မြစ်ကြီးနားမြို့နယ်ဘက်သို့ လာရောက်ခိုလှုံခဲ့ကြသော်လည်း တောတွင်းရွာများတွင် နေထိုင်ကြ သူများမှာ မြစ်ကြီးနားဘက်သို့ လာမည်ဆိုပါက စစ်တပ်၏ တပ်စခန်းများ တည်ရှိရာ နေရာကို ဖြတ်သန်း ရမည် ဖြစ်သဖြင့် ထွက်ပြေး နိုင်ခြင်း မရှိဘဲ တောတွင်း၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

မတ် ၁၆ ရက်တွင်လည်း စစ်တပ်နှင့် KIA ကြား ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ဂွေထောင်ကျေးရွာမှ ၁၆ မိုင် ပတ်လည် တွင် စစ်တပ်က လှုပ်ရှားလျက် ရှိသဖြင့် ဒေသခံများမှာ နေရပ်ရင်းသို့ ပြန်နိုင်ခြင်း မရှိပါ။

ဂွေထောင်ကျေးရွာမှ မိုင် ၂၀ ခန့်ဝေးသည့် နေရာသည် စစ်တပ်လှုပ်ရှားမှု မရှိဘဲ KIA တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေ ဖြစ်သဖြင့် ထိုနေရာသို့ ဝင်ရောက်ခိုလှုံနေကြခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၉၀၉ ဦးအတွက် ဘွမ်ရာယန် အမည်ဖြင့် စစ်ဘေးရှောင်စခန်းတခုကို ဖွင့်လှစ်ကာ ခိုလှုံလျက်ရှိသည်။

You may also like these stories:

KNU တပ်မဟာ ၃ ဒေသဗုံးကျဲခံရမှု သေဆုံးသူ ၁၁ ဦးထိရှိလာ

KNU ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်ဗုံးကျဲ၊ အရပ်သား ၇ ဦး သေဆုံး

ဖားကန့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးနေရ

Loading