သတင်း

ဆေးရုံများကို စစ်ကောင်စီတပ်များက စီးနင်းပစ်ခတ်မှုများ ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မတ်လ အတွင်း ရန်ကုန်မြို့ရှိ ဆေးရုံများ ၊ ဆေးခန်းအချို့ကို စီးနင်းမှု ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ တက်လမ်းဆေးရုံကို မတ်လ ၃၀ ရက်နေ့က ဝင်ရောက် စီးနင်းခဲ့ပြီး စမ်းချောင်းဗဟိုလမ်း ရှိ အာရှတော်ဝင်ကို မတ်လ ၂၈ ရက်နေ့ကလည်း ဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ၊ ဗဟန်းမြို့နယ် SSC အမျိုးသမီးဆေးရုံကို မတ်လ ၁၈ နေ့က  ပစ်ခတ်ခဲ့သည်။

တက်လမ်း ဆေးရုံအတွင်းသို့ တပ်နှင့်ရဲက ၃၀ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် တံခါးများကို ဖျက်ဆီးဝင်ရောက်ကာ ဆေးရုံရှိ လုံခြုံရေး ဝန်ထမ်းနှင့် သန့်ရှင်းရေး ဝန်ထမ်းများကို ကန်ကျောက်ရိုက်နှက်ခြင်း၊ ဆရာဝန် ဆရာဝန်မများကို သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်း၊ လူနာခန်းများကို တခန်းဝင်တခန်းထွက် ရှာဖွေခြင်းများ ပြုလုပ်ခဲ့ပြီး CCTV မှတ်တမ်းများကိုပါ ဖျက်သွားကြောင်း သိရသည်။

တက်လမ်းဆေးရုံ စီးနင်းမှု မျက်မြင်ကြုံတွေ့ရသူတဦးက “အပေါ်က စွတ်ကျယ်အဖြူနဲ့ အောက်က စစ်တပ်ဘောင်းဘီဝတ်ထားတယ် စစ်ဖိနပ်စီးထားတဲ့ တယောက်က မျက်နှာတွေကို စစ်ဖိနပ်နဲ့ ကန်တယ်။ မင်းတို့ မပြောရင် မေးရိုးကျွတ်ထွက်အောင် ကန်မယ်ဆိုပြီး ဖိနပ်တွေနဲ့ ကန်တယ်။ ခေါင်းတွေကို ကန်တယ်” ဟု ပြောသည်။

ရွှေဂုံတိုင် SSC ဆေးရုံ ပစ်ခတ်ခံရသည့် မှတ်တမ်းဓာတ်ပုံများ

မတ်လ ၂၈ ရက် နေ့လယ် တနာရီခန့်တွင် စစ်ကောင်စီလက်နက်ကိုင်များက အာရှ တော်ဝင် ဆေးရုံအတွင်းထိ  ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆေးရုံဝန်ထမ်း အင်ဂျင်နီယာတဦး ခြေထောက်ကို ကျည်ထိမှန်ခဲ့သည်။

“ဆေးရုံက တာဝန်ရှိသူတွေက ကျမတို့နဲ့ ကျန်တဲ့လူနာရှင်တွေကို လုံခြုံတဲ့နေရာမှာခေါ်ပြီး ပုန်းခိုင်းခဲ့ပါတယ်။ အမှန်တော့ ကျမတို့က အပစ်အခတ် လုပ်ခွင့်မရှိတဲ့နေရာ ရောက်နေတာပါ လူနာလာကြည့်တဲ့ လူနာရှင် မိသားစုတွေပါ ဆန္ဒလာပြတာ မဟုတ်တဲ့အတွက် ပုန်းနေစရာ မလိုပါဘူး။ ဒါပေမယ့် လူစိတ်ကင်းမဲ့နေတဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်နေရတာမို့ ကျမတို့က ရာဇဝတ်သားတွေလို ပုန်းနေခဲ့ရပါတယ်” ဟု ကိုယ်တွေ့ကြုံရသူ အမျိုးသမီးတဦးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အဆိုပါ ဆေးရုံတွင် မွန်းလွဲပိုင်း တစ်နာရီခွဲခန့်အထိ ဆေးရုံမြေညီထပ်တွင် ရဲသုံးဦး စောင့်ကြပ်နေပြီး ဆေးရုံရှေ့တွင်လည်း စစ်သားများ ပိတ်ဆို့ထားခဲ့သည်။

ရွှေဂုံတိုင် SSC ဆေးရုံ ပစ်ခတ်ခံရသည့် မှတ်တမ်းဓာတ်ပုံများ

ထို့ပြင် မတ်လ ၁၈ ရက်နေ့ကလည်း ဗဟန်း ရွှေဂုံတိုင်ရှိ SSC ဆေးရုံအနီး Women Center ပြတင်းပေါက်မှန်များကို ပစ်ခတ်ခဲ့သည့်အပြင် ယင်းနေ့  ညပိုင်းတွင်လည်း စစ်ကောင်စီလက်နက်ကိုင်များသည် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အကယ်ဒမီဆေးရုံအတွင်း ဝင်ရောက်ကာ လူနာခန်းများကို ရှာဖွေမွှေနှောက်သွားခဲ့ကြောင်း သိရသည်။

မတ်လဆန်းပိုင်းကလည်း မြောက်ဥက္ကလာရှိ ရွှေလမင်းဆေးရုံကိုလည်း ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့သေးသည်။

ထို့ပြင် မတ်လဆန်းအတွင်း အစိုးရဆေးရုံအချို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။

You may also like these stories;

စစ်ကောင်စီက သတ်လို့ သေကြရတဲ့ ကလေးနဲ့ ဆယ်ကျော်သက်တွေ

“အရေးပေါ်မဟုတ်သော” သံဝန်ထမ်းများ အမေရိကန် ပြန်ခေါ်ထုတ်

ပိုဆိုးတာ သူတို့က ဆေးတွေပါ သုံးထားကြတော့ အသွားအလာ ဂရုစိုက်စေချင်တယ်

Did you find apk for android? You can find new Free Android Games and apps.
Loading