CNN သတင်းဌာန၏ အကြီးတန်းသတင်းထောက် Clarrisa Ward နှင့်အဖွဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ရောက်ရှိ နေစဉ် မှာပင် ရန်ကုန်ရှိ မြန်မာစစ်တပ်ပိုင် ကုန်တိုက် ၂ ခု မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ Gandamar Wholesale နှင့် ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ် လမ်းဒေါင့် ရှိ Ruby Mart ကုန်တိုက်တို့ ယနေ့ (ဧပြီ ၁ ရက်) နံနက် ၂ နာရီဝန်းကျင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်သည်။
မီးလောင်မှုကြောင့် Ruby Mart ကုန်တိုက် အဆောက်အဦသည် အတွင်းအပြင် အတော်လေး လောင်ကျွမ်းပျက်စီးနေ ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူတဦးက နံနက် ၈ နာရီဝန်းကျင် ၎င်းမြင်တွေ့ခဲ့သည်ကို ပြန်လည် ပြောပြသည်။
Ruby Mart အဆောက်အဦသည် အုတ်အင်္ဂတေများဖြင့် အခိုင်အမာ ဆောက်ထားသော အထပ်မြင့် အဆောက်အဦတခု ဖြစ်ပြီး အပြင်မှ မီးပုလင်းများဖြင့် ပစ်ခတ်မီးရှို့ရန် မလွယ်ကူကြောင်း၊ မီးရှို့မှု မှန်ပါက အဆောက်အဦအတွင်းမှ ရှို့သည့်မီး သာ ဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။
ယင်း Ruby Mart ကုန်တိုက်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက် ပြည်သူ့ကုန်တိုက်တခုဖြစ်ပြီး၊ ၁၉၈၈ စက်တင်ဘာ ၁၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင်အဖြစ် သိမ်းယူလိုက်ခြင်းဖြစ်သည်။
မရမ်းကုန်းမြို့နေ ဒေသခံတချို့ကလည်း Gandamar Wholesale သည် စစ်တပ်ပိုင် မြဝတီဘဏ်နှင့် ကပ်လျက် တည် ရှိနေသော ကုန်တိုက်အဆောက်အဦဖြစ်ပြီး မြဝတီဘဏ် ဝန်းကျင်တွင် စစ်သားများ လုံခြုံရေး ယူထားသဖြင့် ပြင်ပ မှ တစုံတယောက်က စစ်သားများကို ဖြတ်ကျော်ပြီး အထဲသို့ ဝင်ရောက် မီးရှို့ရန်မှာ မဖြစ်နိုင်ဟု ဆိုသည်။
ထို့ပြင် မီးစတင် လောင်ကျွမ်းသည့် အချိန်သည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်အတွင်း ဖြစ်ပွားခဲ့ခြင်း လည်း ဖြစ်သည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ Myanmar Fire Services Department တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော မီးလောင်မှုများကို အချိန်နှင့် တပြေးညီ သတင်း ထုတ်ပြန်လေ့ရှိသော်လည်း ယနေ့ ဖြစ် ပွားခဲ့သည့် Ruby Mart နှင့် Gandamar Wholesale ကုန်တိုက် မီးလောင်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်း မရှိသလို မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း မသိရှိရပေ။
မီးလောင်ကျွမ်းသွားသည့် ကုန်တိုက် ၂ ခုသည် စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေး လုပ်ငန်းများဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလူထုက ဈေးမဝယ်ဘဲ သပိတ်မှောက်ဆန့်ကျင်ရန် နှိုးဆော်ထားသည့် ကုန်တိုက်များ လည်း ဖြစ်သည်။
မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးလောင်ထားသည့် Gandamar Wholesale ကုန်တိုက်ဝင်းအတွင်းသို့ CNN သတင်းဌာန ၏ အကြီးတန်းသတင်းထောက် Clarrisa Ward နှင့် ရုပ်သံသတင်းအဖွဲ့တို့ ဝင်ရောက်လေ့လာ သတင်းယူနေကြောင်း ယင်း ကုန်တိုက်အနီး မျက်မြင်တွေ့သူများ၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသော ဓာတ်ပုံများအရ သိရသည်။
CNN သတင်းဌာန၏ နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarrisa Ward နှင့် ရုပ်သံသတင်းအဖွဲ့သည် မြန်မာ နိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေများကို သတင်းယူရန် မတ် ၃၁ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေ ခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့ သတင်းလိုက်လံယူရာတွင် စစ်ကောင်စီဘက်က စစ်ယာဉ်တန်းများဖြင့် လိုက်လံ လုံခြုံရေး ယူပေးထား ကြောင်း မျက်မြင်တွေ့သူများ၏ ပြောပြချက်အရ သိရသည်။
You may also like these stories:
တောင်ဒဂုံတွင် သေဆုံးသူ၂၀ ခန့်ရှိကာ ဒဏ်ရာရသူ ၅၀ ကျော်ရှိနေ
စစ်သားနှင့်ရဲ ပစ်သတ်မှု သေဆုံးသူ ၄၅၀ ကျော်ရှိပြီ
ဆန္ဒပြသူတွေကို စစ်တပ်နှင့်ရဲ သတ်ဖြတ်မှု အမေရိကန်သမ္မတနှင့် EU တို့ ပြစ်တင် ရှုတ်ချ