သတင်း

ဖားကန့်က ယုဇနကုမ္ပဏီ မီးရှို့ခံရ

Want create site? Find Free WordPress Themes and plugins.

ဟူးကောင်းချိုင့်ဝှမ်းတွင် ဒေသခံ ကချင်တို့၏ မြေယာများကို အဓမ္မ သိမ်းဆည်းခြင်းကြောင့် ဒေသခံများနှင့် ပဋိပက္ခများ ရှိသည့် ယုဇနကုမ္ပဏီ၏ စက်ရုံဝင်းထဲကို ယနေ့မနက် ၁ နာရီကျော်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် များ ရောက်လာ မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ခံရသည့် စက်ရုံသည် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု လဘန်ကောက်ရွာ လီဒိုလမ်းမကြီးပေါ်တွင် တည်ရှိ ကာ ပီလောပီနံကော်မှုန့်၊ အချိုနှင့် သကြားများ ထုတ်လုပ်သည့် စက်ရုံဝင်း ဖြစ်သည်။

ထိုစက်ရုံအနီးတွင် နေထိုင်သည့် ဒေသခံတဦးက “မနက်က ၁ နာရီကျော် ၂ နာရီလောက်မှာ မီးရှို့ခံရတာ။ ပစ်ခတ်သံ တွေတော့ မကြားရဘူး။ ကျနော်တို့တော့ မီးလောင်တာပဲ သိတယ်။ သူတို့ ပီလောပီနံအမှုန့်ကြိတ်တဲ့ စက်ရုံလေ။ အထဲမှာ ဝန်ထမ်းတွေတော့ ရှိတယ်။ သူတို့က မီးငြှိမ်းနေကြတယ်၊ ဒီမနက်ထိ ဖောင်း ဖောင်းနဲ့တော့ အထဲက တချက် တချက် ကြား ရတယ်” ဟု ပြောသည်။

ယုဇန စက်ရုံဝင်းအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များ ရှိနေခြင်းကြောင့် KIA တပ်ဖွဲ့များက လာရောက် ပစ်ခတ် ရာမှ မီးလောင်သည်ဟု ဒေသခံအချို့က ပြောသော်လည်း အချို့က ပစ်ခတ်သံများ မကြားရဘဲ မီးရှို့ခံရခြင်းသာ ဖြစ်သည် ဟုလည်း ဧရာဝတီကို ပြောသည်။

ယုဇန စက်ရုံကို မီးရှို့ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ KIA ထံသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ဖားကန့်မြို့နယ်သည် KIA ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။

ယနေ့ မနက်ပိုင်းတွင် ယုဇနစက်ရုံဝင်း မီးရှို့ခံရသည့်အပြင် လီဒိုလမ်းမတကြောရှိ ဖားကန့်မြို့နယ်၊ ဒွမ်ဘုံးကျေးရွာနှင့် နမ္မတီးမြို့နယ် မရန်ကထောင်ကြားတွင်လည်း KIA နှင့် စစ်တပ်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားထားသည်။

မီးရှို့ခံရသည့် ယုဇနကုမ္ပဏီသည် ကချင်လူမျိုးများ၏ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာသည့် ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ကျား ထိန်းသိမ်းရေးဒေသ ဖြစ်သည့် လီဒိုလမ်းမတလျှောက်ရှိ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်မှ မြေဧက ၃ သိန်းကျော်ကို ၂၀၀၆ ခုနှစ်မှ စ၍ သိမ်းယူပြီး ပီလောပီနံများ စိုက်ပျိုးသည့် ကုမ္ပဏီ ဖြစ်သည်။

ဝါရာဇွပ်ကျေးရွာမှ ရာနှင့်ချီသည့် ဒေသခံများသည်လည်း ယုဇနကုမ္ပဏီကြောင့် စိုက်ပျိုးမြေများ၊ ဘိုးဘွားပိုင်မြေများ ဆုံးရှုံး ခဲ့ရပြီး မြေပြန်ရရန် ကြိုးစားကြရာတွင်လည်း ယုဇနကုမ္ပဏီ ဝန်ထမ်းများမှ ဒေသခံများကို ရိုက်နှက်ခြင်း၊ အာဏာပိုင်များ နှင့် ပူးပေါင်းကာ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခံရသည်။

ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်အတွင်းရှိ လီဒိုလမ်းမတလျှောက်မှ ရာနှင့်ချီသည့် ကချင်ဒေသခံများသည် ယုဇနကုမ္ပဏီ ၏ မြေသိမ်းဆည်းမှုကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ မြေယာများ ဆုံးရှုံးထားသည့်အပြင် နေအိမ်များလည်း ဖျက်ဆီးခံရကာ ဘဝပျက်သွားသူများလည်း ရှိသည်။

ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၏ ဒု ဥက္ကဋ္ဌ တဦးဖြစ်သူ ဒေါ်ဘောက်ဂျာက “ကျမကို စခန်းမှူးက ဖုန်းဆက် လာတော့ ကျမ ရွာက ဆယ်အိမ်မှူးတွေကို မေးကြည့်တယ်။ ည ၁ နာရီကျော်ကနေ အခုချိန်ထိ မီးတွေ လောင်နေတုန်းပဲ။ ဆီတိုင်ကီတွေကို မီးစွဲနေတုန်း ဆိုတာ သတင်းရတယ်။ ဆီပုံးတွေက တအားကွဲနေတယ်ပြောတယ်” ဟု ပြောသည်။

ဒေါ်ဘောက်ဂျာသည် ယုဇနကုမ္ပဏီက ဝါရာဇွပ်ကျေးရွာဒေသခံများ၏ မြေယာများကို အဓမ္မသိမ်းယူချိန်တွင် ဒေသခံများ ဘက်မှ ဦးဆောင်၍ မြေယာအခွင့်အရေးအပြည့်အဝ ရရှိရေး၊ သိမ်းဆည်းထားသည့် မြေယာများ အတွက် လျော်ကြေး ရရှိရေးတို့အတွက် လှုပ်ရှားခဲ့သူ တဦး ဖြစ်သည်။

ဒေါ်ဘောက်ဂျာက “သူတို့က ပြည်သူတွေကို အနိုင်ပိုင်းပြီး မတရား လုယက်တာတွေ သူတို့က အခုချိန်ထိ လုပ်တယ်။ လူထုက အခုချိန်ထိ ခံစားနေရတယ်။ ဒါတွေကို အထက်က သိချင်မှ သိမယ်။ အောက်ခြေမှာက အဲဒီလို လုပ်နေတယ်။ ယုဇန အလုပ်သမားတွေက အနိုင်ကျင့်တယ်။ အာဏာပြတယ်။ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ အခုချိန်ထိ လုပ်နေ တုန်းပဲ”ဟု ပြောသည်။

ယုဇန စက်ရုံမှ ဝန်ထမ်းများနှင့် ဒေသခံများကြား အခြေအနေများကို ပြောသော်လည်း KIA က မီးရှို့သွားခြင်းနှင့် ပတ် သက်၍ ဒေါ်ဘောက်ဂျာက မှတ်ချက်တစုံတရာ ပြုခြင်း မရှိပါ။

ယုဇနကုမ္ပဏီဘက်သို့ ဧရာဝတီက မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ယုဇန စက်ရုံဝန်းသည် ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်အထိ မီးလောင်ကျွမ်းနေဆဲ ဖြစ်ပြီး စက်ရုံအတွင်းမှ ဆီပါပေများ ပေါက်ကွဲသည့် အသံများသည်လည်း နေ့လယ်ပိုင်းအထိ ကြားနေရဆဲ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

KIA သည် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်ကာ အစိုးရ၊ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိပါ။

စစ်တပ် အာဏာမသိမ်းခင်အချိန်က KIA သည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် အတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေခဲ့ပြီး၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအထိ ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုများ မပြုလုပ်ရန် ညှိနှိုင်းကာ စစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ထားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ၂ ရက်တွင် စစ်တပ်လုပ်ရပ်ကို လက်မခံဘဲ ဆန့်ကျင်နေသည့် လူထုကို သွေးထွက် သံယိုဖြစ်အောင် မလုပ်ရန် KIA က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စကားပါးခဲ့သော်လည်း ပြေလည်ခဲ့ခြင်း မရှိပါ။

မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြနေသည့် လူထုကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာ အမျိုးသား နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။

ထို့နောက် မတ် ၁၁ ရက်မှ စ၍ KIA က စစ်မျက်နှာဖွင့်ကာ ဖားကန့်၊ ဗန်းမော်၊ အင်ဂျန်းယန်၊ ဝိုင်းမော်၊ ရွှေကူနှင့် ပူတာအို မြို့နယ်တို့မှ စစ်တပ်၏ တပ်စခန်းများ၊ ရဲစခန်းနှင့် ရဲကင်းများ၊ ပြည်သူ့စစ် စခန်းများကို ဝင်ရောက် တိုက်ခိုက်ခြင်း၊ စစ်တပ် ၏ အချို့ ဗျူဟာကုန်းများကို သိမ်းဆည်းခြင်းများ ပြုလုပ်ထားသည်။

စစ်တပ်ကလည်း KIA ၏ စခန်းများ တည်ရှိသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည်။

မတ်၂၉ ရက်ကလည်း KIA ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ တို့ကို စစ်တပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ထားသည်။

You may also like these stories:

CNN သတင်းထောက် ရောက်နေချိန် စစ်တပ်ပိုင်ကုန်တိုက်များ မီးလောင်မှုဖြစ်ပွား

အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ

စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်

Did you find apk for android? You can find new Free Android Games and apps.
Loading