ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ယမန်နေ့က ထုတ်ပြန်လိုက်သည်။
အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူလူထု အပေါ် အကြမ်းဖက်ဖြိုးခွင်းမှုများ ဆက်လက် လုပ်ဆောင်နေသည့် အခြေ အနေများကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဂျာမနီ ကုမ္ပဏီသည် မြန်မာကျပ်ငွေ ရိုက်နှိပ်ရာတွင် အဓိက လိုအပ်သည့် ကုန်ကြမ်းများ ဖြစ်သည့် စက္ကူနှင့် မင်များကို တင်သွင်းပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။
ယခုလို ဂျာမနီကုမ္ပဏီ က ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှု ရပ်ဆိုင်းလိုက်ခြင်းသည် စစ်အုပ်စုကို ဝင်ငွေရလမ်း ဘဏ္ဍာရေး အရင်းအမြစ်များကို ဟန့်တားပိတ်ဆို့ရေး အတွက် CRPH ၏ အရေးကြီးသည့် မူဝါဒတခုကို အကောင်အထည်ဖော်လိုက် ခြင်း ဖြစ်ကြောင်း CRPH ၏ စီမံ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ခေတ္တ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြော သည်။
၎င်းက “စစ်အုပ်စုအတွက် အဓိက ဝင်ငွေရလမ်းတွေဖြစ်တဲ့ အခွန်အကောက်က ဝင်ငွေတွေ၊ လျှပ်စစ်မီတာခက ဝင်ငွေတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရရှိတဲ့ ဝင်ငွေတွေ၊ နိုင်ငံတကာ ချေးငွေတွေ၊ ဝန်ထမ်း လစာချေးငွေတွေ၊ လယ်သမား ထုတ် ချေးငွေတွေကို ဟန့်တားပိတ်ဆို့နိုင်ရေး ဆောင်ရွက်ခဲ့သလို အရေးပေါ် လိုငွေဖြည့်ဆည်းမည့် နောက်နည်းလမ်း တခုဖြစ်တဲ့ ငွေစက္ကူအသစ် ရိုက်နှိပ် ထုတ်ဝေခြင်းကိုလည်း ဟန့်တားနိုင်ရေးက အရေးတကြီး လိုအပ်ပါတယ်” ဟု ပြောဆိုသည်။
ထို့အတွက်ကြောင့် CRPH အနေဖြင့် ဂျာမနီကုမ္ပဏီကို ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေရာတွင် လိုအပ်သည့် စက္ကူ၊ မင် ကုန်ကြမ်း များသာမက စက်အရန် ပစ္စည်းများနှင့် နည်းပညာ အကူအညီများ အားလုံး ပေးပို့ရောင်းချခြင်းများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။
စစ်ကောင်စီအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံသားများထံမှ အခွန်ရငွေများ ရရှိမှု လျော့နည်းနေခြင်းနှင့် ဆက်လက် ဆောင်ရွက်ရန် ရှိသည့် နိုင်ငံတော် စီမံကိန်းများအတွက် ဘတ်ဂျက်လိုငွေသည် မြင့်တက်နေသည့်အတွက် ငွေစက္ကူအသစ် ရိုက်ထုတ်ရန် တရုတ်နိုင်ငံထံမှ အကူအညီ ရယူသွားနိုင်ခြေ ရှိကြောင်း စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။
၎င်းက “နိုင်ငံခြားငွေပြဿနာကိုသာ သူတို့ ဖြေရှင်းဖို့ ခက်လိမ့်မယ်။ ဒါပေမယ့် ငွေအသစ်ရိုက်ထုတ်ဖို့ကတော့ တရုတ် အကူအညီရရင် စစ်ကောင်စီအတွက် ဖြေရှင်းလို့ ရနိုင်တယ်။ ငွေအသစ် ရိုက်ထုတ်ရင်တော့ ငွေကြေးဖောင်းပွမှုက တက် လာမှာပဲ။ ဒါဆိုရင် တိုင်းပြည်စီးပွားရေးကတော့ အခြေအနေ ဆိုးဖို့ပဲ ရှိလာမှာ” ဟု ပြောဆိုသည်။
လက်ရှိတွင် စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေခြင်း၊ အင်တာနက်လိုင်း များ ပိတ်ထားသည့်အတွက် အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းများနှင့် အွန်လိုင်းငွေပေးချေမှုများတွင် အခက်အခဲများ ရှိနေခြင်း၊ ဘဏ်များ မဖွင့်နိုင်သေးသည့်အတွက် လုပ်ငန်းများအတွက် လိုအပ်သည့်ငွေများသာမက ပြည်သူများ ငွေထုတ် ယူရန် အခက်အခဲများ ဖြစ်နေခြင်း၊ ဗဟိုဘဏ်က ဘဏ်နှင့် ATM စက်များမှ ငွေထုတ်ယူခွင့်ကို ပမာဏ အနည်းငယ်သာ ခွင့်ပြုပေးသည့်အတွက် စီးပွားရေးလုပ်ငန်းများလည်ပတ်ရန် ငွေသားလုံလောက်မှု မရှိခြင်း အစရှိသည့် ပြဿနာများ ကြုံ တွေ့နေရကြောင်း သိရသည်။
မြန်မာ့ငွေစက္ကူများကို မကွေးတိုင်း ချောက်မြို့နယ်ရှိ ဝါဇီ လုံခြုံရေးနှင့် ဆိုင်သည့် ပုံနိုပ်ပစ္စည်းများစက်ရုံတွင် ရိုက်နှိပ်ပြီး အရာတော်မြို့နယ်ရှိ အရာတော် ရေနံမြေမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် ဝါဇီစက်ရုံလည်ပတ်ခြင်းဖြစ်ပြီး၊ ဖေဖေါ်ဝါရီ လအတွင်းက အရာတော် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ဖိအားမြှင့်စက်ရုံမှ ရေနံမြေ လုပ်သားများ CDM လုပ်ကာ သပိတ်မှောက်သည့်အတွက် ဝါဇီစက်ရုံ ရပ်ဆိုင်းသွားခဲ့ရသည်။
သို့သော် စစ်တပ်က ဝါဇီစက်ရုံလည်ပတ်နိုင်ရန် အရာတော်ရေနံမြေမှ ဝန်ထမ်းများကို ဖမ်းဆီးကာ အတင်းအကျပ် ပြန်လည်အလုပ်ဆင်းကာ ကြိုးစားသော်လည်း ယခုအခါ ဂျာမနီကပါ ကုန်ကြမ်းတင်သွင်းမှု ပိတ်လိုက်ခြင်းဖြစ်သည်။
You may also like these stories:
ဂျပန်က မြန်မာကို အကူအညီပေးရေးအစီအစဉ်များ ရပ်ဆိုင်း
စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်
မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းကျမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း