နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် Video Conferencing စနစ်ဖြင့် ရုံးထုတ်ခဲ့ပြီး ၎င်း၏အမှုများအတွက် ယခင် ပါဝါတင်ထားသည့် ရှေ့နေ ၂ ဦးအပြင် နောက်ထပ် ၆ ဦး စုစုပေါင်း ၈ ဦးကို ၎င်း၏ရှေ့နေအဖြစ် လက်ခံခဲ့ကြောင်း သိရသည်။
ယနေ့ တရားခွင်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက နောက်ထပ် ရှေ့နေများ ပါဝါတင်ဆောင်ရွက်ခွင့်ရန် တင် ပြခြင်း၊ ဒေါ်အောင်စုကြည်နှင့် ရှေ့နေတို့ လူချင်း သီးခြားတွေ့ဆုံနိုင်ရန် တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ရုံးတော်က သက်ဆိုင် ရာ ထိန်းသိမ်းသည့် အဖွဲ့အစည်း(ရဲတပ်ဖွဲ့) ကို ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
“ကျမတို့ဘက်က လျှောက်ထားတဲ့ တောင်းဆိုထားတဲ့ အနေအထားတွေအပေါ် မူတည်ပြီး စွပ်စွဲခံရသူတွေကို ထိန်းသိမ်း ထားတဲ့ အဖွဲ့နဲ့ ကျမတို့နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ရမယ်ဆိုတဲ့ ပုံစံမျိုး တရားရုံးက ညွှန်ကြားတာ ဖြစ်ပါတယ်” ဟု ယနေ့ တရားခွင်သို့ သွားရောက်ခွင့်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
ဒေါ်ဆောင်ဆန်စုကြည် ယနေ့တရားခွင်တွင် သူ၏ရှေ့နေအဖြစ် ခန့်အပ်လိုက်သည့် ရှေ့နေ ၈ ဦးကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အမှုများကိုလည်း ထိုရှေ့နေ ၈ ဦးက လိုက်ပါ ဆောင်ရွက်ရန် ဦးဝင်းမြင့်ကလည်း လက်ခံခဲ့ကြောင်း သိရ သည်။
“ဒီကနေ့တော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရုံးရှေ့မှာ တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့် ၈ ယောက် အတိအကျ ပေါ်လာပါတယ်။ အဲဒီ ၈ ယောက်ကို အခြေခံထားပြီး Legal Defence Team ဖွဲ့စည်းတယ်ဆိုတဲ့ အကြောင်းကို ကြေညာချင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
ယခု ခန့်အပ်ထားသည့် ရှေ့နေ ၈ ဦးမှာ ဦးခင်မောင်ဇော်၊ ဒေါ်စန်းမာလာညွန့်၊ ဦးကြည်ဝင်း၊ ဒေါ်မင်းမင်းစိုး၊ ဒေါ်စုဒါလီ အောင်၊ ဦးသဲမောင်မောင်၊ ဦးအောင်ကျော်စိုးနှင့် ဦးယုယချစ် တို့ ပါဝင်ကြောင်း သိရသည်။
ထိုရှေ့နေ ၈ ဦးသည် နေပြည်တော် ဇမ္ဗူသီရိတရားရုံးတွင် စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၄ မှုနှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့၏ အမှု၂ မှုတို့အတွက် လိုက်ပါဆောင်ရွက်ကြမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅၊ ပို့ကုန်သွင်းကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နှင့် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ဇမ္ဗူသီရိတရားရုံးတွင် တရားရင်ဆိုင်နေရသည်။
ထို့အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှာ သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ဇမ္ဗူသီရိတရားရုံးတွင် တရား ရင်ဆိုင်နေရသည်။
ယင်းအမှုများအတွက် ဇမ္ဗူသီရိတရားရုံးက ဧပြီလ ၁၂ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင်လည်း နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ (၃) ဖြင့် တရားစွဲဆိုထားပြီး ရှေ့နေများ ဖြစ်ကြသည့် ဦးခင်မောင်ဇော်၊ ဒေါ်စန်းမာလာညွန့်၊ ဦးကြည်ဝင်းတို့ပါဝင်သည့် ရှေ့နေ ၅ ဦးအဖွဲ့က ရှေ့နေပါဝါရရန် ကြိုးပမ်းနေကြသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ အမှုမှာ မတ်လ၂၅ ရက်က ရုံးထုတ်ခဲ့ပြီး လာမည့် ဧပြီလ ၈ ရက်သို့ ပြန်လည် စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားကြောင်း သိရသည်။
You may also like these stories:
NLD အမတ် ၂ဦး နေပြည်တော် အချုပ်ထောင်တွင် ရုံးထုတ် စစ်ဆေးခံရ
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ဖမ်းဆီးခံရ
ဒေါ်အောင်ဆန်းစုကြည်၏အမှု လိုက်မည့်သူများ ရှေ့နေပါဝါ ရရှိ