သတင်း

ရခိုင်ပါတီ ANP ၏ တောင်းဆိုချက် အာဏာသိမ်း စစ်ကောင်စီ လိုက်လျောမှု မရှိသေး

Want create site? Find Free WordPress Themes and plugins.

ရခိုင် အမျိုးသား ပါတီ(ANP)က တောင်းဆိုထားသည့် အကြမ်းဖက် ဥပဒေဖြင့် တရားရင်ဆိုင်နေရသူများအား လွတ်ပေး ရန်၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီတွင် ရာထူးနေရာပေးရန် စသည့်ဖြင့် တောင်းဆိုချက်များကို စစ်ကောင်စီမှ လက်ရှိ အချိန်အထိ လိုက်လျော့ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

ANP ပါတီမှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင် ဦးဖေသန်းက“အကြမ်းဖက်နဲ့ စွဲထားတဲ့ လူတွေကို လွတ်ပေးဖို့၊ ပြည်နယ် အဆင့် စီမံအုပ်ချုပ်ရေးမှာ နေရာပေးဖို့ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေကို မလိုက်လျော့သေးဘူးလို့ ပြောလို့ ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံရပြီး အမှုရင်ဆိုင်နေရသော ရခိုင်တိုင်းရင်းသားများ ပြန် လည် လွှတ်ပေးရေးအတွက် ပါတီအနေဖြင့် ဦးစားပေး ဆောင်ရွက်လုပ်ကိုင်နေပြီး ANP မှ ပါတီခေါင်းဆောင်တဦး ဖြစ်သူ နိုင်ငံတော် ကောင်စီဝင် ဒေါ်အေးနုစိန်ကိုယ်တိုင်လည်း အထက်ပိုင်းတွင် တင်ပြပြောဆိုနေမှုများ ပြုလုပ်နေကြောင်း ဦးဖေ သန်းက ပြောသည်။

၎င်းက“မကြာခင် ဖြစ်လာနိုင်ဖို့ အခြေအနေတွေကို မြင်တွေ့နေရတယ်။ တစုံတရာ ပြဿနာ မရှိခဲ့ဘူး ဆိုရင်ပေါ့”ဟု ပြော သည်။

ထို့ပြင် ANP အနေဖြင့် ပြည်နယ် ကောင်စီ ဥက္ကဌ နေရာနှင့် နိုင်ငံတော် စီမံ အုပ်ချုပ်မှု ကောင်စီတွင် အဖွဲ့ဝင် နှစ်နေရာပေး ရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ မရရှိသေးသဖြင့် အနီးဆုံး ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပါတီ၏ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

လက်ရှိ အခြေအနေတွင် ရခိုင်ပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီတွင် ဥက္ကဌ အဖြစ် ပြည်ခိုင်ဖြိုး ပါတီဝင် ဒေါက်တာ အောင်ကျော်မင်းကို ခန့်အပ်တာဝန်ပေးထားသလို ကောင်စီဝင်များ အဖြစ်လည်း အရပ်ဘက်က ၎င်းတို့နှင့် နီးစပ်သူများကို တာဝန် ပေးထားသည်ကိုလည်း တွေ့ရသည်။

အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲခံရသူများ အရေးကိစ္စမှာ ယခုအချိန်တွင် ရက္ခိုင့် စစ်တပ် (AA) ကို အကြမ်း ဖက်အဖွဲ့ မှ ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်၍ ဥပဒေအရဆိုရင် ပြန်လွှတ်ပေးရတော့မည် ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် မယူကမ်း ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးမောင်စောဝင်းက ပြောသည်။

“ANP အနေနဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှာ တောင်းဆိုတာကတော့ ဒီအချိန်မှာ မဖြစ်နိုင်တော့ဘူးလို့ ကျနော်မြင်တယ်။ ပြည်နယ် အဆင့်အုပ်ချုပ်ရေးအဖွဲ့မှာ ဖွဲ့စည်းပုံက ပြည့်သွားပြီလေ။ ဆိုတော့ ကျနော်အမြင်က ANP အနေနဲ့ ဒီကိစ္စတွေကို ပြတ်ပြတ်သားသား ဆွေးနွေးမှ ဒေါ်အေးနုစိန်ကို ကောင်စီမှာ ထည့်သင့်တယ်။ အခု မြင်နေရတာက သမီးကို လင်ပေးစား ပြီးမှ အသွင်း တောင်းဆိုနေသလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ANP အနေဖြင့် ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ ဖြိုးရေးအတွက် ပြည်နယ်ကောင်စီ ဥက္ကဌ နေရာနှင့် ကောင်စီ အဖွဲ့ဝင် နှစ်နေရာပေးရန်၊ ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီး နေရာ အများစုကို ရခိုင်အမျိုးသား ပါတီဝင်များကို ခန့်အပ်တာဝန်ပေး ရန်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ စီမံ အုပ်ချုပ်ရေး ကောင်စီတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားပြု ပါဝင်နိုင်ရေးကို ဆောင်ရွက်ပေးရန် ဆိုသည့် အချက်များကို စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် အာဏာ သိမ်း စစ်ကောင်စီ ဥက္ကဌထံ တောင်းဆိုထားသည်။

ယင်းအပြင် ULA /AA အား အကြမ်းဖက်အဖွဲ့ကြေငြာထားခြင်းမှ ပြန်လည် ရုပ်သိမ်းပေးရန်၊ ရန်ကုန်၊ မန္တလေးနှင့် ရခိုင် ပြည်နယ် အတွင်းရှိ အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသော အမှုများကို ရုပ်သိမ်းပြီး ဖမ်းဆီးထားခြင်းမှ လွတ်ပေးရန် စသည့် အချက် ၇ ချက်ကို တောင်းဆိုထားသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က နိုင်ငံတော် အာဏာကို အရပ်သား အစိုးရထံမှ သိမ်းယူခဲ့ပြီးနောက် နိုင်ငံ တော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းသည့်အခါ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်အေးမောင်တို့ စစ်ကောင်စီတွင် ပူူူးပေါင်း ပါဝင်ခဲ့သည်။

ထိုသို့ ရာထူး လက်ခံ ပူးပေါင်း ပါဝင်သွားသည့်အတွက် ရခိုင်ပြည်သူများအကြားတွင်လည်း ပြစ်တင်ဝေဖန်မှုများ မြင့်တက် နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် ရခိုင် အရပ်ဘက် အဖွဲ့အစည်း ၄၇ ဖွဲ့ကလည်း ရခိုင် အမျိုးသား ပါတီ (ANP) အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပူးပေါင်းပါဝင်နေခြင်း အပေါ် ပြန်လည်သုံးသပ်ပြီး လက်ခံခြင်း မပြုရန် တိုက်တွန်း တောင်းဆိုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သေးသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို ရှေ့နေ ၈ ဦးဖြင့် ဆောင်ရွက်မည်

မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ

အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading