ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စုတွင် တိမ်းရှောင်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး အပါအဝင် လူ ၉ ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက သေနတ်ပစ်ဖောက် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် NLD အမတ် ၃ ဦး၊ NLD ပါတီဝင် ၅ ဦးနှင့် CDM ပြုလုပ်ထားသည့် ရဲတဦးတို့ သည် မနေ့က မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် အထက်ပါအတိုင်း အဖမ်းခံခဲ့ရသည်။
ရွှေမြင်တင် ကျေးရွာသားတဦးက“စစ်တပ်နဲ့ ရဲတွေက ကား ၆ စီးနဲ့ ဝင်လာတာ။ ပြီးတော့ ရွာထဲမှာ သေနတ် ၁၀ ချက် လောက် ဖောက်ပြီး ရွာသာယာထဲက ခြံတခုထဲမှာ ရှောင်နေကြတဲ့ လွှတ်တော် အမတ် ၃ ယောက်နဲ့ အဖွဲ့ကို ဖမ်းခေါ် သွားတာ”ဟု ပြောသည်။
စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ဖမ်းဆီးခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်များမှာ သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ် အမှတ် ၂ တိုင်း ကိုယ်စားလှယ် ဦးအောင်အောင်ဦးနှင့် ပုသိမ် မြို့နယ် အမှတ် ၁ တိုင်းကိုယ်စားလှယ် ဦးသန်းထွဋ်တို့ ဖြစ်ကြောင်း သိရသည်။
ပုသိမ်အမတ် ဦးသန်းထွဋ်နှင့် နီးစပ်သူတဦးက “သူတို့ ၉ ဦးစလုံးကို တောင်ပေါ်က တပ်ထဲ(အနောက်တောင်တိုင်း စစ်ဌာန ချုပ်)ထဲမှာ ချုပ်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်စလုံးကို ရိုက်နှက်စစ်ဆေးတာတွေ လုပ်တယ်လို့ သိရတယ်။ အခုချိန်ထိ ရှေ့နေတွေရော၊ မိသားစုရော တွေ့ ခွင့် မရသေးဘူး”ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများကို ဆက်လက် ဖမ်းဆီးထား ဆဲ ဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်ကာ ပုသိမ်မြို့ ရှိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ Generation – Z လူငယ် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သတင်းထောက်တဦး အပါအဝင် လူပေါင်း ၃၅ ဦး ထက်မနည်း ဖမ်းဆီးကာ ပုဒ်မ အမျိုးမျိုးတပ် အရေးယူပြီး တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ရခိုင်ပါတီ ANP ၏ တောင်းဆိုချက် အာဏာသိမ်း စစ်ကောင်စီ လိုက်လျောမှု မရှိသေး
ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို ရှေ့နေ ၈ ဦးဖြင့် ဆောင်ရွက်မည်
မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ