ရန်ကုန်တိုင်းဒေသကြီး အတွင်း စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်တချို့တွင် မိသားစုဝင်များ၏ ဓာတ်ပုံများဖြင့် ဧည့်စားရင် တိုင်ရန် နှုတ်မိန့်ဖြင့် ဖိအားပေးနေကြောင်း ဒေသခံများထံများ သိရသည်။
ရပ်ကွက်တွင်းနေထိုင်သူများအနေဖြင့် ၁ ဦးလျှင် ဓာတ်ပုံ ၃ ပုံစီရိုက်ကူးပြီး ရပ်ကွက်ရုံးသို့ ၁ ပုံ၊ ရာအိမ်မှူးအား ၁ ပုံ၊ မိမိနေအိမ်တွင် ၁ ပုံ ထားရှိရန် အုပ်ချုပ်ရေးမှု အချို့က ပြောလာကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံ တဦးက “ဒါတွေက လူထုကိုကြောက်အောင် Psywar ထည့်တဲ့ပုံစံမျိုးပေါ့။ မြေပြင်မှာ အဲဒီလိုညွှန်ကြားပြီး လုပ်ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးတွေက သူတို့နှုတ်မိန့်နဲ့ပေါ့” ဟု ပြောသည်။
ရွှေပြည်သာမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံး တချို့ ပြန်လည်ဖွင့်နေပြီး ဧည့်စာရင်းစနစ်ကို ပြန်လည် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသာ်လည်း စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူး လက်အောက်တွင် ရာအိမ်မှူး အစရှိသူများက အလုပ်မလုပ်လိုကြောင်းနှင့် ဒေသခံအများစုကလည်း ဧည့်စာရင်းတိုင်လိုသည့် ဆန္ဒမရှိကြောင်း ဒေသခံများက ပြောသည်။
အာဏာသိမ်းပြီး ၂ လကျော်ကာလအတွင်း စစ်ကောင်စီသည် အောက်ခြေတွင် အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်နိုင်ခြင်း မရှိသေးရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည့် မြို့နယ်များတွင် ဖိအားပေးကာ ပြန်လည်တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
ရွှေပြည်သာမြို့နယ်နေ ပြည်သူတဦးက “လုံခြုံရေးနဲ့ ကာကွယ်တဲ့ပုံစံမျိုး မဟုတ်ဘဲ အောက်ခြေလူထုကို ဒုက္ခလိုက်ပေးပြီးတော့ အလုပ်ရှုပ်အောင်၊ အလုပ်ပိုအောင် လုပ်တဲ့ပုံစံမျိုးပါ။ ဒါကလည်း စစ်ကောင်စီက လူထုကို ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းတဲ့ ပုံစံမျိုးပါ။ လိုက်နာတဲ့လူတွေတော့ ရှိတာပေါ့။ နားမလည်တဲ့ လူတွေပါ။ မလိုက်နာတဲ့ လူလည်း ရှိပါတယ်။ ပိုများတာပေါ့” ဟုပြောသည်။
စစ်ကောင်စီက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင်ချက်အရ ဖျက်သိမ်းထားသော ဧည့်စာရင်းစနစ် ပြန်လည် အသက်ဝင်လာမည်ဖြစ်သည်။
ညအိပ် လာရောက် တည်းခိုသူအတွက် ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ပါက ထိုသူကို ကျပ်တသောင်းထက် မပိုသော ငွေဒဏ် ချမှတ်ရမည်ဖြစ်ပြီး ငွေဒဏ် မပေးဆောင်လျှင် ၇ ရက်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ပြင်ဆင်ချက် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင် ထုတ်ပြန်လိုက်သော ရပ်ကျေးဥပဒေနှင့် နိုင်လွတ်လုံ ဥပဒေများသည် တရားမဝင် သည့်အတွက် ပြည်သူများ လိုက်နာရန် မလိုအပ်ကြောင်း ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ က ဖေဖော်ဝါရီ ၁၄ တွင် ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။
You may also like these stories:
သတင်းယူရင်း ဖမ်းခံရသည့် သတင်းထောက်နှစ်ဦးကို မြစ်ကြီးနားရဲက အမှုဖွင့်
စစ်သားနှင့်ရဲ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း ကလေး ၄၃ ဦး သေဆုံးခဲ့
ပုသိမ်တွင် ၁၅ နှစ်အရွယ် ကလေးကို စစ်တပ်က အလောင်းသာ ပြန်ပေး