စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင့်နေသည့် ဆန္ဒပြလူထုကို ဖြိုခွင်းရန် ဂန့်ဂေါမြို့ဘက်မှ ကလေးမြို့သို့ စစ်ကူ ပေးရန် ချီတက်လာသည့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကို ဒေသခံပြည်သူများက မဏိပူရ်မြစ်ပေါ်ရှိ ကမ်းပါးနီ တံတားတွင် ရရာလက်နက်ဖြင့် မနေ့က ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
မနေ့က ဧပြီလ ၁ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များကို ဒေသခံများက တူမီးသေနတ်များ၊ လေသေ နတ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ပွဲကို ကမ်းပါးနီတိုက်ပွဲဟု ဒေသခံများက ခေါ်ဆိုကြသည်။
သို့သော် စစ်ကောင်စီတပ်များက လက်နက်ကြီးများ ဖြစ်သည့် စက်သေနတ်များ၊ လက်ဗစ်ဗုံးများ၊ ဗုံးပစ်လောင်ချာများပါ သုံးသဖြင့် ယာယီသာ ခုခံနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဆုတ်ပေးလိုက်ရကြောင်း ကလေးဒေသခံတဦးက ဧရာဝတီသို့ ပြော သည်။
ကမ်းပါးနီတိုက်ပွဲသည် မတ်လ ၃၀ ရက်က ကလေး – ဂန့်ဂေါ လမ်းမကြီးဘေးရှိ စည်သာရွာနှင့် ငါးဖားရွာအနီး ဖြစ်ပွားခဲ့ သော တိုက်ပွဲကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် တိုက်ပွဲတခု ဖြစ်ပြီး စည်သာနှင့် ငါးဖားကျေးရွာအနီးတို့တွင် ဖြစ် ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
“မတ်လ ၃၀ ရက်ကနေ မနေ့က တိုက်ပွဲအထိ ကျနော်တို့ဘက်က ၆ ယောက် ကျတယ်။ ၅ ယောက်က တိုက်ပွဲထဲမှာ ကျတာ။ တယောက်ကတော့ ဒီတိုင်း ပစ်သတ်ခံလိုက်ရတာ။ ကလေးမြို့ပေါ်မှာ ကျသွားတဲ့သူ ၁၁ ယောက် ရှိတယ်။ အားလုံး ပေါင်းရင် သေတာ ၁၇ ယောက် ရှိသွားပြီ”ဟု လူထုနှင့် နီးစပ်သူ ကလေးဒေသခံတဦးက ပြောပြသည်။
ကလေးမြို့နယ်၊ စည်သာရွာနှင့် ငါးဖားရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် နေ့လည် ၁၂ နာရီမှ ည ၇ နာရီအထိ ကြာ မြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များဘက်မှ နောက်ပိုင်းတွင် ကျည်ဆန်ကုန်သွားသလို ထိခိုက်ကျဆုံးမှုလည်း များလာ သဖြင့် ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားသော်လည်း စစ်ကောင်စီ၏ တပ်စိတ်တခု သည် ငါးဖားရွာနှင့် ကပ်လျက် တည်ရှိသည့် အောင်ချမ်းသာရွာရှိ ဘုန်းကြီးကျောင်းသို့ တပ်ဆုတ်ကာ ဒဏ်ရာ ရရှိသူ စစ်သားများကို ယင်းကျောင်းတွင် ဆေးကုသမှု ပေးခဲ့သည်။
ယင်းဘုန်းကြီးကျောင်းကို လူထုက ဝိုင်းခဲ့သော်လည်း ဧပြီလ ၁ ရက်နေ့တွင် ယင်းနေရာသို့ စစ်ကူများ ရောက်ရှိလာပြီး ကျောင်းမှ ချက်ချင်း တပ်ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။
“အဲဒီတဖွဲ့ကို ဧပြီ ၁ ရက်နေ့ကျတော့ တပ်ကူလာတာပေါ့။ ကလေးက တဖွဲ့ ။ ဂန့်ဂေါဘက်ကနေ စစ်ကား ၃ စီးနဲ့က တဖွဲ့ ။ ကလေးက တဖွဲ့က ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ထုတ်ပြီး ချက်ချင်း ပြန်ဆုတ်သွားတယ်။ ဒါပေမယ့် ဂန့်ဂေါက တပ်ကူ ကျတော့ မဆုတ်ဘူး။ တောက်လျှောက်တိုက်ပွဲ ဖြစ်တယ်”ဟု ကလေးဒေသခံတဦးက ရှင်းပြသည်။
ကလေးမြို့ဘက်တွင် စစ်ကောင်စီ တပ်များနှင့် ဒေသခံများကြား တိုက်ပွဲများကြောင့် စစ်ကူလာပေးသည့် စစ်ကားများ ဂန့် ဂေါမှ တက်လာသည်ဆိုသော သတင်းစကားများကြောင့် ယင်းကားများ တက်လာသည့် လမ်းကြောင့်ကို ဟန့်တားရန် မြို့ ဘက်မှ ပြည်သူများက နယ်ဘက်သို့ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တက်လာသည့် စစ်ကား ၃ စီး မဏိပူရ်မြစ်ကို ဖြတ်ကူးသည့် ကမ်းပါးနီတံတားသို့ အရောက်တွင် ယင်းနေရာ အနီးရှိ ဒေသခံများက ကြားဖြတ်ပိတ်ဆို့ရန် ကြိုးပမ်းစဉ် ကမ်းပါးနီတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကမ်းပါးနီတံတားသည် ကားတစီးစာသာ သွားလို့ရသည့် တံတားဖြစ်ပြီး ကားလမ်းနှင့်အတူ ရထားလမ်းလည်း တွဲဖက် ပါဝင်သည်ဟု သိရသည်။ ဂန့်ဂေါမြို့မှ ကလေးမြို့သို့ သွားသည့် လမ်းတွင် ကမ်းပါးနီတံတားသည် အရေးပါပြီး အဆိုပါ တံတားကို ဖြတ်ကူးနိုင်မှသာ ကလေးမြို့နယ်ထဲ ဝင်ရောက်နိုင်မည့် အခြေအနေဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီ တပ်များဘက်ကလည်း ကမ်းပါးနီ တံတားတွင် ပိတ်ဆို့ထားသော ဒေသခံလူထုကို အပြင်းအထန် ထိုးဖောက်တိုက်ခိုက်သည်။
“အဲဒီတံတားမှာ ဂန့်ဂေါကလာတဲ့ စစ်ကား ၃ စီးနဲ့ ပြည်သူတွေနဲ့ တိုက်ပွဲဖြစ်တယ်။ နေ့လည် ၁ နာရီဝန်းကျင်လောက်က ဖြစ်နေတာ ညနေ ၄ နာရီအထိ ပစ်နေတုန်းပဲ ။ စစ်တပ်ဘက်က ဗုံးတွေနဲ့ ထုတယ်။ လက်နက်ကြီး ဗုံးပစ်လောင်ချာတွေနဲ့ ထုတယ်။ ပြည်သူဘက်က ဖြည်းဖြည်းချင်းနောက်ဆုတ်လိုက်ရတယ်”ဟု တိုက်ပွဲဝင်နေသည့် လူထုနှင့် နီးစပ်သည့် က လေးမြို့ခံတဦးကပြောသည်။
ကမ်းပါးနီတိုက်ပွဲကို ကလေးမြို့နယ်ဝန်းကျင်ရှိ ဗမာနှင့် ချင်းတိုင်းရင်းသားများက ပူးပေါင်းကာ တွန်းလှန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ချင်းရိုးရာ တူမီး သေနတ်၊ လေသေနတ်များဖြင့် ခုခံနေခြင်း ဖြစ်သည်။
လူထုဘက်က လူအင်အားမနည်းလှသော်လည်း မြန်မာစစ်တပ်ဘက်က လက်နက်အင်အားနှင့် ပစ်အား ကောင်းသော ကြောင့် နောက်ဆုံးတွင် လူထုဘက်က ဆုတ်ခွာပေးခဲ့ရသည်။
ယင်းကမ်းပါးနီတံတားကို ကျော်လာနိုင်သည့် စစ်ကောင်စီ တပ်များသည် ကလေး – ဂန့်ဂေါလမ်း အတိုင်း ဆက်လက် ချီ တက်လာပြီး စည်သာရွာနှင့် အောင်ချမ်းသာ ရွာအနီး ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ လူထု၏ ခံတပ်တခုကိုလည်း ဆက်လက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။
ယင်းခံတပ်ကို ဒေသခံများက ကလေးမြို့တောင်ဘက် ခံတပ်ဟုလည်း ခေါ်ကြသည်။ ယင်းခံတပ်ကိုလည်း နောက်ပိုင်းတွင် ဒေသခံများဘက်က ဆုတ်ခွာပေးခဲ့ရသည်။
ထို့နောက် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များသည် ကလေး – ဂန့်ဂေါလမ်း အနီးရှိ သံဖိုရွာသို့ ဝင်ရောက်လာပြီး သံဖို ရွာ ဥက္ကဌအား တူမီးသေနတ်များ ရှိ၊ မရှိကို နောက်ရက်တွင် ဝင်ရောက်ရှာဖွေ သိမ်းဆည်းမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ ကြောင်း သိရသည်။
ထိုသို့ပြောဆိုထားမှုကြောင့် သံဖိုရွာ ဥက္ကဌအပါအဝင် ရွာသားအမြောက်အမြားသည် ချင်းတောင်တန်းများဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကလေးမြို့ဒေသခံများက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာများမှာ ငါးဖား၊ အောင်ချမ်းသာ၊ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွရွာနှင့် သံဖိုရွာတို့ ဖြစ်ကြောင်း သိရသည်။
“ရွာတွေကတော့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်။ ထောင်ချီရှိမယ်။ သူတို့အတွက် စားဖို့သောက်ဖို့ အစားအစာတွေ ရနိုင်ရေး အဓိက အခက်အခဲ ဖြစ်နေတယ်”ဟု ကလေးမြို့ ဒေသခံတဦးက ဆိုသည်။
လက်ရှိတွင် မြန်မာစစ်တပ်ဘက်က ကလေး – ဂန့်ဂေါလမ်း တလျှောက် စစ်သားများ ချထားပြီး လုံခြုံရေး တင်းကြပ်ထား ကြောင်း၊ ကလေးမြို့ပေါ်တွင်လည်း စစ်တပ်များ ရှိသည့် RC ဝင်းထဲတွင် စစ်အင်အားများ အများအပြား ရောက်ရှိနေပြီ ဖြစ်ကြောင်း ကလေးမြို့ ဒေသခံများက ပြောဆိုကြသည်။
You may also like these stories:
သတင်းယူရင်း ဖမ်းခံရသည့် သတင်းထောက်နှစ်ဦးကို မြစ်ကြီးနားရဲက အမှုဖွင့်
တမူးမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှု ပြည်သူဘက်က CDM ရဲ တဦး သေဆုံး
စစ်သားနှင့်ရဲ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း ကလေး ၄၃ ဦး သေဆုံးခဲ့