ရှမ်းပြည်နယ် နယ်စပ်မြို့ တာချီလိတ်သို့ ဦးတည်သည်ဟု ယူဆရသော လက်ပစ်ဗုံး တရာကျော်နှင့် သေနတ်ကျည်ဆံများစွာကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲဆိုင်မြို့တွင် ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းသတင်းစာ မာ့တီချွန်း၏ အဆိုအရ မတ်လ ၂၈ ရက်နေ့တွင် M16 ရိုင်ဖယ်သေနတ်သုံး 5.56 mm ကျည်ဆံ ၆ ထောင်နှင့် 52 K75 အမျိုးအစား လက်ပစ်ဗုံးများကို ထိုင်းရဲနှင့် စစ်တပ်တို့က ဖမ်းမိခဲ့ကြောင်း သိရသည်။
မဲဆိုင်ရှိ ဆိုင်တဆိုင်သည် ထိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတခုက သယ်ယူလာပြီး ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှ ပေးပို့သော မသင်္ကာဖွယ်ရာ အထုပ်များကို လက်ခံရရှိပြီးနောက် ရဲများကို သတင်းပို့ခဲ့ကြောင်း သတင်းကဆိုသည်။ ဆိုင်ဝန်ထမ်းများက အဆိုပါ အထုပ်များသည် လေးလံလွန်းနေသောကြောင့် ထိုင်းရဲများကို ဖွင့်စစ်ဆေးစေခဲ့ကြောင်းလည်း ဆိုသည်။
နောက်တနေ့တွင်လည်း မြန်မာဘက်ခြမ်းသို့ ပို့မည့် အထုပ် ၄ ထုပ်ကို ထပ်မံဖွင့်ဖောက် စစ်ဆေးရာ K-75 လက်ပစ်ဗုံး ၁၅ လုံးစီ ထည့်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းက ဆိုသည်။
ထိုင်းသတင်းများ၏အဆိုအရ စုစုပေါင်း ဖမ်းဆီးရမိသည်မှာ M16 နှင့် M4 အမျိုးအစားသုံး ရိုင်ဖယ်သေနတ်သုံး ကျည်ဆံ ၆ ထောင်နှင့် K75 လက်ပစ်ဗုံး ၁၁၂ လုံး ဟု သိရသည်။
ထိုင်းလုံခြုံရေးအရာရှိများက ၎င်းတို့သည် တာချီလိတ်သို့ ဦးတည်နေကြောင်း ယုံကြည်ကြသည်။
လက်ပစ်ဗုံးများမှာ တောင်ကိုရီးယား ထုတ်ဖြစ်ကြောင်း ချင်းရိုင်ခရိုင် လုံခြုံရေးအရာရှိများက ဆိုပြီး ကျည်ဆံနှင့် လက်ပစ်ဗုံးများသည် ထိုင်းနိုင်ငံသို့ တင်သွင်းလာခဲ့ကြောင်း ယူဆနေကြသည်။
မဲဆိုင်သို့ အထုပ်များ ယူဆောင်ပေးလာသော ကားမောင်းဆရာအပါအဝင် ထိုင်းနိုင်ငံသား အတော်များများအား ခေါ်ယူစစ်ဆေးနေကြောင်းလည်း သိရသည်။
You may also like these stories:
“ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား
CNN သတင်းထောက် ရောက်နေချိန် စစ်တပ်ပိုင်ကုန်တိုက်များ မီးလောင်မှုဖြစ်ပွား
စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှု ယနေ့တရက်တည်း ၁၀၀ နီးပါး သေဆုံး