မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်နေမှုနှင့် အရပ်သား ရာပေါင်းများစွာသေဆုံးရခြင်းအပေါ် ကုလသသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့တွင် ပြင်းထန်စွာ ရှုတ်ချလိုက်သော်လည်း ဖြစ်နိုင်ခြေရှိသော အနာဂတ် အရေးယူမှုများကိုမူ တရုတ်က ကန့်ကွက်သောကြောင့် ထုတ်ပြန်ကြေညာချက်မှ ဖြုတ်ချခဲ့သည်။
ဗြိတိန်နိုင်ငံက မူကြမ်းရေးဆွဲသည့် ထုတ်ပြန်ချက်ကို ဗုဒ္ဓဟူးနေ့မှ စတင်ပြီး အပြင်းအထန်ညှိနှိုင်းပြီးနောက် ကောင်စီဝင် ၁၅ နိုင်ငံက အတည်ပြု ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံမှ အလျှင်အမြန်ဆိုးရွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး အလေးအနက်ပူပန်ကြောင်းနှင့် အဆုံးစွန် ချုပ်တည်းမှု ကျင့်သုံးရန် စစ်ကောင်စီကို လုံခြုံရေးကောင်စီက ထပ်မံတောင်းဆိုကြောင်း ဖေါ်ပြထားသည်။
မူရင်းကြေညာချက် မူကြမ်းသည် ပိုမိုပြင်းထန်ပြီး လုံခြုံရေးကောင်စီ၏ နောက်ထပ်ခြေလှမ်းကို စဉ်းစားရန် အသင့်ရှိမှုကို ဖေါ်ပြထားသည်။ ထိုသို့နောက်ထပ် ခြေလှမ်းများတွင် အရေးယူပိတ်ဆို့မှုများ ပါဝင်နိုင်သည်။ ထိုမူကြမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်မှု အသုံးပြုခြင်းကို လက်သင့်မခံဘဲ လုံခြုံရေးတပ်များက အရပ်သားရာပေါင်းများစွာကို သတ်ဖြတ်ခြင်းအား အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချမည်ဖြစ်သည်။
သို့သော် မြန်မာ၏ အိမ်နီးချင်းနှင့် မိတ်ဆွေ တရုတ်နိုင်ငံ၏ အတင်းအကျပ်တောင်းဆိုမှုကြောင့် နောက်ဆုံး ထုတ်ပြန်ကြေညာချက်တွင် “နောက်ထပ်ခြေလှမ်းများ” ဆိုသည့် ကိုးကားပြောဆိုမှုကို ဖယ်ရှားလိုက်ရပြီး ပိုမိုပြင်းထန်သည့် စကားလုံးများဖြစ်သော “သတ်ဖြတ်မှု”နှင့် “လက်သင့်မခံ” စသည်တို့အပါအဝင် စကားလုံးများကို ပိုမိုပျော့ပြောင်းသော စကားလုံးများဖြင့် အစားထိုးလဲလှယ်ပေးခဲရသည်။
နောက်ဆုံး ထုတ်ပြန်ကြေညာချက်တွင် “နောက်ထပ်ခြေလှမ်းများ” ဆိုသည့် စကားလုံးကို လုံခြုံရေးကောင်စီဝင်များအနေဖြင့် “အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေပြီး ထိုကိစ္စကို အထူးအာရုံစိုက်နေမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားသည်” ဟူသော စကားစုဖြင့် အစားထိုးလိုက်ရသည်။
လုံခြုံရေးကောင်စီ၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်တွင် “ဘက်အသီးသီးအနေဖြင့် အကြမ်းဖက်မှုကို ရှောင်ရှားရန်” တောင်းဆိုထားသည်။ ထိုအချက်ကို ရုရှားနိုင်ငံက တောင်းဆိုသောကြောင့် ထည့်သွင်းပေးရခြင်းဖြစ်သည်။ နောက်ဆုံးကြေညာချက်တွင် ဖေါ်ပြထားသော အခြားအချက်တချက်မှာ “လူ့အခွင့်အရေးကို အပြည့်အ၀လေးစားလိုက်နာရန် နှင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့် အညီ တွေ့ဆုံဆွေးနွေး ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖေါ်ရန် ထပ်မံအတည်ပြုပြောကြားသည်” ဆိုသည့်အချက်ဖြစ်သည်။
န်ိုင်ငံတကာ အသိုက်အဝန်းထံမှ ခိုင်မာ၊ ညီညွတ်၊ ပြတ်သားသည့် တုံ့ပြန်မှု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်၏ မတ်လ ၂၇ ရက်နေ့ကြေညာချက်ကိုလည်း လုံခြုံရေးကောင်စီ၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။ ထိုနေ့သည် စစ်သားများနှင့် ရဲများက ဆန္ဒပြပွဲများကို နှိမ်နင်းစဉ် ဆန္ဒပြသူ အနည်းဆုံး ၁၁၄ ဦးကို ပစ်သတ်ခဲ့သော အာဏာသိမ်းပြီးနောက် လူအသေအပျောက်အများဆုံးနေ့ ဖြစ်သည်။
လုံခြုံရေးကောင်စီ၏ ရည်ရွယ်ချက်မှာ အာဏာသိမ်းမှုကို နောက်ကြောင်းပြန်လှည့်ရေး စစ်အုပ်စုအပေါ် “ဖိအားဆက်လက်ပေးရန်”၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေး “သတ္တိပြောင်မြောက်သော ဆုံးဖြတ်ချက်အတွက်” ပြည်သူများကို ထောက်ခံရန်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ် ဘာဘရာ ဝုဒ်ဝပ် ပြောသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာ၏ ရှေ့လာမည့် ဒေသတွင်း ခရီးစဉ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် ၁၀ နိုင်ငံ၏ အားထုတ်မှုများနှင့်အတူ လုံခြုံရေးကောင်စီ၏ကြေညာချက်သည် ထိုကဲ့သို့သော သက်ရောက်မှုရှိမည်ဟု မျှော်လင့်ကြောင်း သူပြောသည်။
ထိုသတင်းထုတ်ပြန်ချက်သည် ဗုဒ္ဓဟူးနေ့ တံခါးပိတ်အစည်းအဝေးအပြီး ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုအစည်းအဝေးအတွင်း ရှရနာ ဘာဂနာက မြန်မာနိုင်ငံသည် ယခင်ကြုံဖူးသည့် အတိုင်းအတာထက် ပိုမိုကြီးမားသည့် ပြည်တွင်းစစ်ဖြစ်နိုင်ခြေကို ရင်ဆိုင်နေရကြောင်း သတိပေးပြီး စစ်အာဏာသိမ်းမှု နောက်ပြန်လှည့်ရန်နှင့် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် ကြီးမားသော အရေးယူမှု ပြုလုပ်ရန် လုံခြုံရေး ကောင်စီကို တိုက်တွန်းသည်။
မည်သို့သော အရေးယူမှုသည် ကြီးမားသည့် အရေးယူမှုဖြစ်သည်ကို သူက အသေးစိတ်ပြောကြားခြင်းမပြုသော်လည်း စစ်တပ်က ဆန္ဒပြသူများကို ဖြိုခွဲသည့် ကြောက်မက်ဖွယ် ပုံရိပ်များကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသည် ကျဆုံးသွားသော နိုင်ငံတော်ဖြစ်တော့မည်ဟု လုံခြုံရေးကောင်စီကိုပြောခဲ့သည်။ စုပေါင်းအရေးယူမှုပြုလုပ်ရန် ရနိုင်သမျှ နည်းလမ်းများကို ထည့်သွင်းစဉ်းစားရေးနှင့် မြန်မာပြည်သူများအတွက် ထိုက်တန်သည်ကို လုပ်ရန် အတွက် လုံခြုံရေးကောင်စီကို သူတိုက်တွန်းသည်။ ထိုသို့လုပ်ဆောင်ရန် လိုခြင်းမှာ အာရှ၏ဗဟိုချက် မြန်မာနိုင်ငံတွင် ဘက်စုံကပ်ဒုက္ခ အကျပ်အတည်းကို ကာကွယ်တားဆီးရန်ဖြစ်ကြောင်း သူပြောသည်။
တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ကျန်ဂျွန်က “တဖက်သတ်ဖိအားပေးခြင်းနှင့် အရေးယူပိတ်ဆို့ရန်တောင်းဆိုခြင်း သို့မဟုတ် အတင်းအကျပ်အစီအမံများသည် တင်းမာမှုနှင့် ထိပ်တိုက်တွေ့မှုကို ပိုမိုဆိုးရွားစေမည် ဖြစ်ပြီး အခြေအနေကို ပိုမိုရှုပ်ထွေးစေကာ မည်သည့်နည်းဖြင့်မျှ အပြုသဘောဆောင်မည်မဟုတ်ကြောင်း” သတိပေးသည်။ အဖွဲ့အစည်းအားလုံးအနေဖြင့် မြန်မာနိုင်ငံတွင် တင်းမာမှုလျှော့ချရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်ရေး ရှေ့ဆက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် သူတိုက်တွန်းသည်။
ဗုဒ္ဒဟူးနေ့က ကျင်းပသည့် ဗီဒီယိုအစည်းအဝေးတွင် ရှရနာဘာဂနာက ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးတောင်းဆိုသည့် လက်နက်မဲ့ ဆန္ဒပြသူများအား သတ်ဖြတ် ဖမ်းဆီးခြင်းကို ရှုတ်ချသည်။ သူက မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေအသင်းက ဗုဒ္ဓဟူးနေ့အထိ ထုတ်ပြန်သည့် စာရင်းများကို ကိုးကားပြီး စစ်အာဏာသိမ်းမှုအပြီး လူ ၂၇၂၉ ဦးဖမ်းဆီး၊ စွဲချက်တင် သို့မဟုတ် ထောင်ချခံရကာ ခန့်မှန်းခြေ လူအနည်းဆုံ ၅၃၆ ဦး သတ်ဖြတ်ခံရပြီးဖြစ်ကြောင်းပြောသည်။
လုံခြုံရေးကောင်စီ၏ ယခုထုတ်ပြန်ကြေညာချက်သည် အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ထုတ်ပြန်ကြေညာချက်ဖြစ်သည်။
လုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်ထက်တဆင့်နိမ့်သည် လုံခြုံရေးကောင်စီ သဘာပတိ၏ ကြေညာချက်ကိုလည်း မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကာ အဆုံးစွန်အထိ ချုပ်တည်းရန် စစ်တပ်ကို တိုက်တွန်းသည်။ ထိုကြေညာချက်တွင် ဒီမိုကရက်တစ် အဖွဲ့အစည်းနှင့် လုပ်ငန်းစဉ်များကို လေးစားရန်လိုကြောင်း အလေးထားပြောပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားသော အစိုးရခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုသည်။
ကြာသပတေးနေ့က ထုတ်ပြန်သည့်ကြေညာချက်တွင်လည်း ၎င်းတို့ကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုပြီး လိုအပ်နေသူအားလုံးအတွက် ဘေးကင်းလုံခြုံ အတားအဆီး ကင်းမဲ့သည့် လူသားချင်းစာနာမှုအကူအညီရရှိရေးကို တောင်းဆိုသည်။
လုံခြုံရေးကောင်စီသည် မြန်မာစစ်အုပ်စု ရင်ဆိုင်နေရသည့် အခြားပြဿနာဖြစ်သော လူမျိုးစု လူနည်းစုများနှင့်ဆက်ဆံရေး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ မွတ်ဆလင်များ ကိစ္စကိုလည်း ကိုင်တွယ်ခဲ့သည်။ ရိုဟင်ဂျာ ၇ သိန်းကျော်သည် ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးများကြောင့် ထွက်ပြေးပြီး ယခုအခါ ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများတွင် နေထိုင်နေကြသည်။
မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများသည် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာများ ဆန္ဒအလျှောက်၊ ဘေးကင်းလုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေးအတွက် အထူးသဖြင့် ပြင်းထန်သော စိန်ခေါ်မှုများ ဖြစ်စေသည်ဟု ကောင်စီဝင်များပြောသည်။ လူမျိုးစု လူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာရန် အရေးကြီးကြောင်း ကောင်စီပြောသည်။
ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှ ပိုမိုပြင်းထန်လာသော တိုက်ပွဲများကိုလည်း ရှရနာဘာဂနာက ဗုဒ္ဓဟူးနေ့တွင် ထောက်ပြပြောဆိုသည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆန့်ကျင်မှုသည် ပြည်တွင်းစစ်ကို မကြုံဘူးသည့်အတိုင်းအတာအထိကြီးမားစေရန် ဖြစ်နိုင်ခြေများကို ပိုမိုများပြားစေကြောင်း သူပြောသည်။
ကြာသပတေးနေ့က လုံခြုံရေးကောင်စီအစည်းအဝေ အလှည်ကျ ဥက္ကဌတာဝန်ယူသည် အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် ဗီယက်နမ် သံအမတ် ဒန်ဒင်ကေးက သတင်းစာ ရှင်းလင်းပွဲတခုတွင် ” လတ်တလောတွင် နံပါတ် ၁ ဦးစားပေးမှာ အကြမ်းဖက်မှု ရပ်ရန်” နှင့် တွေ့ဆုံဆွေးနွေးရေးကို အခြေအနေပေးသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်ဖြစ်ကြောင်း ပြောသည်။
ASEAN သည် စစ်ကောင်စီအပါအဝင် ဘက်အားလုံးနှင့် ထိတွေ့ဆက်ဆံရန်၊ ယနေ့နှင့် အနာဂတ်တွင် မြန်မာနိုင်ငံအတွက် မည်သည်က ကောင်းမွန်သည်ကို သူတို့အား နားလည်အောင် လုပ်ပေးရန် ထူးခြားသည့်အခြေအနေတွင် ရှိကြောင်း သူပြောသည်။
You may also like these stories:
ရရာလက်နက်ဖြင့် ပြန်ခံတိုက်ခဲ့သည့် မဏိပူရ်မြစ်ပေါ်က ကမ်းပါးနီ တိုက်ပွဲ
ထိုင်းက လက်မခံ၍ ကရင် စစ်ရှောင်ဒုက္ခသည်များ နေရပ် ပြန်နေထိုင်ရ
ဆေးရုံများကို စစ်ကောင်စီတပ်များက စီးနင်းပစ်ခတ်မှုများ ပြုလုပ်
စစ်သားနှင့်ရဲ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း ကလေး ၄၃ ဦး သေဆုံးခဲ့