သတင်း

ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ပြည်တွင်းရေး မတည်ငြိမ်မှုများနှင့် ကမ္ဘာ့ဈေးကွက်တွင် ဆိုလာပါဝါ စီမံကိန်းများအတွက် လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် တရုတ်ကုမ္ပဏီ အများစုက ၎င်းတို့ တင်ဒါအောင်မြင်ထားသော ဆိုလာ ပါဝါ စီမံကိန်းများမှ နောက်ပြန်ဆုတ်ရန် စဉ်းစားနေကြောင်း သိရသည်။

လက်ရှိအချိန် ကမ္ဘာ့ဈေးကွက်တွင် ဆိုလာပါဝါ ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများသည် ၇ ရာခိုင်နှုန်း မှ ၁၅ ရာခိုင် နှုန်းခန့် မြင့်တက်လာခြင်း၊ စီးပွားရေး တွက်ချေကိုက်မှု မရှိပါက ဘဏ်ချေးငွေရရှိရန် ခက်ခဲခြင်းနှင့် လက်ရှိ မြန်မာ့ပြည် တွင်းရေး အခြေအနေများအရ အခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် အခက်အခဲရှိလာခြင်းတို့ကြောင့် တရုတ် ကုမ္ပဏီများ အနေဖြင့် ဆိုလာပါဝါစီမံကိန်းများကို ဆက်လက် ရင်းနှီးမြှုပ်နှံရန် အကျပ်အတည်း ရှိလာနေကြောင်း သိရသည်။

ဆိုလာပါဝါ တင်ဒါအောင်မြင်ထားသည့် တရုတ်ကုမ္ပဏီနှင့် လုပ်ငန်း ပူးပေါင်း လုပ်ဆောင်နေသည့် ပြည်တွင်းကုမ္ပဏီတခုမှ ဒါရိုက်တာတဦးက “သူတို့ တင်ဒါအောင်ထားတဲ့ ဈေးနဲ့ အခု ကမ္ဘာ့ဈေးကွက်မှာ ဈေးတက်နေတဲ့ ဆိုလာကုန်ကြမ်း ပစ္စည်း တွေရဲ့ ဈေးနဲ့ဆို သူတို့အတွက် ဘယ်လိုမှ မကိုက်နိုင်တော့ဘူး။ တရုတ် ကုမ္ပဏီတခုဆို သူတို့ တင်ဒါအောင်ထားတဲ့ အထဲ က တချို့ကို ရင်းနှီးမြှုပ်နှံဖို့ ဒူဘိုင်းက Investor ရှာတာ အခုချိန်ထိ အဆင်မပြေသေးဘူး ”ဟု ဧရာဝတီသို့ ပြောသည်။

တရုတ် ကုမ္ပဏီတချို့သည့် ၎င်းတို့ တင်ဒါအောင်မြင်ထားသော ဈေးနှုန်းနှင့် စီးပွားရေးအရ တွက်ချေမကိုက်တော့သည့် အတွက် အခြားရင်းနှီးမြှုပ်နှံလိုသူများ လက်လွှဲပေးရန် လုပ်ဆောင်နေသော်လည်း မြန်မာ့ပြည်တွင်းရေး အခြေအနေများ ကြောင့် တခြား ရင်းနှီးမြှုပ်နှံသူများကလည်း စိတ်ဝင်စားမှု မရှိကြောင်း ၎င်းက ဆိုသည်။

၎င်းက “အခုဆိုရင် ဒီဆိုလာစီမံကိန်းတွေ အကုန်လုံးရပ်နေတာ၊ မြေဝယ်တာတွေ ဘာတွေတောင် မလုပ်ရသေးဘူး။ တရုတ်ကုမ္ပဏီတွေကလည်း ကမ္ဘာ့ဈေးကွက်မှာ ပစ္စည်းဈေးတက်နေလာတဲ့အချိန် မြန်မာမှာ ဒီလိုထဖြစ်တော့ သူတို့ အတွက် ကံကောင်းသွားသလိုဖြစ်တောင် ဖြစ်သွားတယ်” ဟု ပြောဆိုသည်။

ဆိုလာပါဝါ စီမံကိန်းများအတွက် လိုအပ်သော ဆိုလာ PV များ(Photovoltaic) နှင့် အင်ဗာတာ ထုတ်လုပ်မှုများတွင် တရုတ် ကုမ္ပဏီများသည် ထိပ်တန်းအဆင့် ရှိနေခြင်းကြောင့် ကမ္ဘာ့ဈေးကွက်၌ ဆိုလာ ကုန်ကြမ်းပစ္စည်းများ ဈေးတက်မှုကို တရုတ် ကုမ္ပဏီများအတွက် အခက်အခဲ သိပ်မဖြစ်နိုင်ဟု ယူဆကြောင်း လျှပ်စစ် ပညာရှင်တဦးက သုံးသပ်သည်။

သို့သော်လည်း မြန်မာ့ပြည်တွင်းရေး မတည်ငြိမ်မှုအခြေအနေများနှင့် ပုံမှန်ကာလ မဟုတ်တော့သည့် တိုင်းပြည်စီးပွားရေး အခြေအနေများကြောင့် စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိနိုင်တော့သည့်အတွက် တရုတ်ကုမ္ပဏီများအနေဖြင့် ဆိုလာ ပါဝါ စီမံကိန်းများကို ဆက်လက် ရင်းနှီးမြှုပ်နှံလုပ်ဆောင်ရန် ပြန်လည် သုံးသပ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့် ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးခြင်းကြောင့် နိုင်ငံတွင်း လျှပ်စစ် ဓာတ်အားသုံးစွဲမှု လျော့ကျနေခြင်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တရုတ်ကုမ္ပဏီများ ဦးဆောင်လုပ်ကိုင် နေသည့် LNG ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ဝယ်ယူကိုပင် လျှော့ချ ဝယ်ယူနေလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၌ အစိုးရ ဝန်ထမ်းများက CDM လုပ်ဆောင်ထားမှုကြောင့်လည်း ဆိုလာပါ ဝါစီမံကိန်း အများစုသည် ဆွေးနွေးညှိနှိုင်းမှု အဆင့်များ၌သာ ရပ်ဆိုင်းလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “အဲဒီ ဆိုလာနဲ့ ပတ်သက်တာဆိုရင် တဖွဲ့လုံးက CDM လုပ်ထားကြတာ ဆိုတော့ အကုန်လုံးရပ်နေတဲ့ သဘောပဲ။ အများစုက အရောင်းအဝယ် စာချုပ် ချုပ်ဖို့ ကျန်တယ်။ ဝန်ကြီးဌာနနဲ့ ကုမ္ပဏီကြား နှစ်ဖက်လိုက်နာရမယ့် စည်းကမ်း သတ်မှတ်ချက် ညှိနှိုင်းမှုအဆင့်တွေမှာ အကုန် ရပ်နေတယ်” ဟု ပြောဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဓာတ်အား အရောင်းအဝယ် စာချုပ် ချုပ်ဆိုရမည့် စီမံကိန်တချို့သည် ဝန်ကြီးဌာန၏ ဝန်ထမ်းများ CDM လုပ်ဆောင်နေခြင်း၊ လျှပ်စစ်ဓာတ်အား အရောင်းအဝယ် စာချုပ် ချုပ်ဆိုထားသည့် စီမံကိန်းများမှာ မြေ ပြင် ကွင်းဆင်းလုပ်ငန်းများ လုပ်ဆောင်၍ မရခြင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ရသည့်တိုင် မြေယာကို အခြားနည်း လမ်းသုံးစွဲခွင့် လျှောက်ထားရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သက်ဆိုင်ရာဌာနတွင် လည်း ဝန်ထမ်းများက CDM လုပ်ဆောင်နေကြလျက် ရှိသောကြောင့် စီမံကိန်းများ ဆက်လက် လုပ်ဆောင်ရန် ရပ်ဆိုင်း လျက် ရှိသည်။

လျှပ်စစ် မဂ္ဂါဝပ် ၁၀၀၀ ခန့် ထုတ်လုပ်ပေးမည့် ဆိုလာပါဝါ စီမံကိန်း ၂၉ ခုကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၂၀ အောက်တိုဘာလတွင် တင်ဒါ ထုတ်ပေးခဲ့ပြီး တင်ဒါစည်းမျဉ်းအရ တင်ဒါအောင်မြင်ပြီး ၆ လအတွင်း လျှပ်စစ် ထုတ် လုပ်ရမည်ဖြစ်သော်လည်း အချိန် ၅ လ ကြာမြင့်နေပြီဖြစ်သည့် ယခုအချိန်အထိ စီမံကိန်းများသည် မြေပြင်ကွင်းဆင်း လုပ် ဆောင်မှုများကိုပင် သေချာ မစတင်နိုင်သေးလျက် ရှိသည်။

ထိုစီမံကိန်း ၂၉ ခုမှ ၂၈ ကို တရုတ်ကုမ္ပဏီများ နှင့် ၎င်းတို့ နှင့် ဖက်စပ်လုပ်ကိုင်ကြမည့် ပြည်တွင်းကုမ္ပဏီများက တင်ဒါ အောင်မြင်ခဲ့ပြီး ကျန် ၁ ခု ဂျာမနီကုမ္ပဏီက တင်ဒါအောင်မြင်ထားခဲ့သည်။

ဆိုလာပါဝါစီမံကိန်းတခုလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ဝင်ရောက်မည့် စီမံကိန်းများလည်းဖြစ်သည်။ ထိုစီမံကိန်းများကို ရန်ကုန်၊ ဧရာ ဝတီ၊ ပဲခူး ၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့ နှင့် နေပြည်တော်တို့ တွင် တည်ဆောက်သွားမည် ဖြစ်သည်။

ထိုစီမံကိန်းများသည် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ယခုနှစ်နွေရာသီ၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်ထားသည့် စီမံကိန်းများဖြစ်သလို ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန် လည် ကုစားနိုင်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာရန် မျှော်မှန်းထားသည့် စီမံကိန်းလည်း ဖြစ်သည်။

You may also like these stories:

မြန်မာငွေစက္ကူ ထုတ်ရန် ကုန်ကြမ်း တင်သွင်းမှု ဂျာမနီကုမ္ပဏီ ရပ်ဆိုင်း

ဂျပန်က မြန်မာကို အကူအညီပေးရေးအစီအစဉ်များ ‌ရပ်ဆိုင်း

ဆိုလာပါဝါစီမံကိန်း တရုတ်ကုမ္ပဏီများသာ တင်ဒါအောင်မည့် အခြေအနေရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading