အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထဲမှ ဦးဟံသာမြင့်၊ ဦးသိန်းဦးနှင့် ဦးရဲမင်းဦးတို့အား အင်းစိန်အကျဉ်းထောင်အတွင်းရှိ ယာယီတရားရုံးများတွင် ယနေ့ရုံးထုတ်ခဲ့ကြသည်။
ဦးဟံသာမြင့်နှင့် ဦးသိန်းဦးတို့သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ရန်ကင်းမြို့နယ်တရားရုံးတွင် တရားစွဲ ခံထားရခြင်းဖြစ်သည်။
၎င်းတို့ရဲ့ ရှေ့နေတဦးက “အာဏာသိမ်းပြီးတော့ ပါတီ CEC ကနေ ကြေညာချက်တွေ ထုတ်တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး စွဲထားတာတွေပေါ့၊ သူတို့ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်တဲ့ပုံစံတော့ရှိပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ အနိုင်ရခဲ့သည့် ဦးရဲမင်းဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲထားခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ သည် “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တ သက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်းပြဌာန်းထားသည်။
ယင်းအပြင် ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသည့် ဦး ဉာဏ်ဝင်းနှင့် ပတ်သက်၍လည်း ယနေ့တွင် လိုက်ပါဆောင်ရွက်ပေးမည့်သူများက ရှေ့နေပါဝါတင်ခဲ့ကြောင်း သိရ သည်။
၎င်းတို့အမှုအား လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေအမျိုးသမီးတဦးက “လူကြီးတွေဆိုတော့ ရောဂါအခံလေး တွေတော့ ရှိတာပေါ့၊ သူတို့အတွက် လိုအပ်တဲ့ ဆေးဝါး၊ အစားအသောက်လေးတွေ ပို့လို့ရပါတယ်၊ ဆရာဦးဉာဏ် ဝင်းနဲ့တော့ လူချင်မတွေ့ရသေးဘူး၊ ကျန်းမာရေးကောင်းတယ်လို့တော့ ကြားရပါတယ်” ဟု ပြောသည်။
ယင်းအပြင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ဒေါက်တာမျိုးညွှန့်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ရုံးထုတ်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်း ဦး၊ ဒေါက်တာမျိုးညွှန့်နှင့် ဦးရဲမင်းဦးတို့၏ အမှုများအား ဆက်လက်စစ်ဆေးရန် ဧပြီ ၉ ရက်နေ့ကို ရုံးချိန်းပြန် လည်ချိန်းဆိုထားကြောင်းသိရသည်။
ယနေ့ အင်းစိန်အကျဉ်းထောင်အတွင်း ရုံးထုတ်ခဲ့သူများထဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝင် တဦးဖြစ်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း ပါဝင်ခဲ့ကြောင်းသိရသည်။