အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း လူထုနေထိုင်သည့် ရွာများကို ပစ်မှတ် ထား ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ထားသဖြင့် ထွက်ပြေးနေရသည် ကရင်ဒေသခံ တသောင်းကျော်မှာ ယနေ့ထိ အိမ် ပြန်နိုင်ခြင်း မရှိဘဲ တောတောင်များထဲတွင် တိမ်းရှောင်နေကြရဆဲ ဖြစ်သည်ဟု သတင်းရရှိသည်။
ဖာပွန်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၅) နှင့် စစ်တပ်ကြား စစ်ရေး တင်းမာမှုများရှိရာ စစ်တပ်က မတ်၂၇ ရက်မှ ၃၁ ရက်အထိ ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ် ထားသည်။
ဗုံးကြဲတိုက်ခိုက်ရာတွင် KNU တပ်မဟာ (၅) တပ်စခန်းများကိုသာ ဦးတည် တိုက်ခိုက်ခြင်း မဟုတ်ဘဲ အရပ်သားများ နေထိုင်သည့် ဒေပူနိုကျေးရွာ၊ ထီးခွါနီး ကျေးရွာတို့ တိုက်ခိုက်ခံရသဖြင့် ထိုနှစ်ရွာ အပါအဝင် မယ်နူးထာ ကျေးရွာ၊ အူဝဲ ကလိုးကျေးရွာနှင့် အီးတူထာစစ်ဘေးရှောင်စခန်းတို့တွင် နေထိုင်သူဦးရေ စုစုပေါင်း တသောင်းကျော်မှာ ထွက်ပြေးနေ ရခြင်း ဖြစ်သည်။
KNU တပ်မဟာ(၅) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “တော်တော်များများက တောတောင်လျှိုမြောင် ကျောက်ကြို ကျောက်ကြားတွေထဲက ဗုံးဒဏ်လွတ်နိုင်မယ့် နေရာတွေမှာ ခိုလှုံနေရတယ်။ တချို့ကတော့ ထိုင်းဘက်ကမ်းကို ကျော်ဖို့ ကြိုးစားနေကြတယ်။ အနည်းစုကတော့ ထိုင်းဘက်ခြမ်းကို ရောက်နေတာ ရှိတယ်။ ထိုင်းဘက်ဆိုပေမယ့် တောတောင် ထဲမှာပါ။ မြို့ရွာထဲကို ရောက်တာ မဟုတ်ပါဘူး။ သူတို့တွေက ကိုယ့်ရပ်ရွာကို ပြန်လို့ မရသေးတာ သေချာတယ်” ဟု ပြော သည်။
စစ်တပ်သည် ဖာပွန်ခရိုင်အတွင်း မတ် ၂၇ ရက်မှ မတ် ၃၁ ရက်အထိ ဗုံးကျဲတိုက်ခိုက် ထားသည်။
ဧပြီ ၁ ရက်မှ ဧပြီ ၂ ရက် ညနေပိုင်းအထိ တိုက်ခိုက်မှုများ မရှိသော်လည်း စစ်ရေး အခြေအနေ ရာနှုန်းပြည့် တည်ငြိမ်သွား သည့် အခြေအနေ မဟုတ်သဖြင့် အရပ်သားများမှာ ၎င်းတို့ ကျေးရွာများဆီသို့ ပြန်မလာရဲကြသေးခြင်း ဖြစ်သည်ဟု သိရကြောင်းလည်း ပဒိုမန်းမန်းက ပြောသည်။
မတ် ၂၇ ရက်မှ ၃၁ ရက်အထိ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်များအရ စစ်တပ်က အရပ်သားရွာများကို ည ၁၀ နာရီမှ မနက် ၃ နာရီကြား သန်းခေါင်ယံ အချိန်များတွင် ဗုံးကြဲချခဲ့ခြင်းများ ပြုလုပ်ထားသည်။
စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေပူနိုကျေးရွာမှ နေအိမ်များ မီးလောင်သည့် အပြင် အရပ်သား ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိထားသည်။
ပဒိုမန်းမန်းက “ဒဏ်ရာရတာ သေဆုံးတာတွေက လူထုနဲ့ ရွာသားတွေပဲ ဖြစ်ပါတယ်။ ထိခိုက်တာတွေက ကျေးရွာ အဆောက်အဦးတွေပါ။ ဒဏ်ရာရတာတွေကလည်း ရွာသားတွေပါပဲ။ သူတို့က အားလုံးကို ပစ်မှတ်ထား တိုက်ခိုက် တယ်လို့ပဲ ပြောချင်ပါတယ်။ အရင်ကတည်းက သူတို့က ဒီအတိုင်းပါပဲ။ ကရင်စစ်သားလား၊ ရွာသားလား မရှောင်ပါဘူး။ မြို့ထဲမှာလည်း လက်နက်ကိုင် မထားသူတွေကိုတောင် ရက်ရက်စက်စက် ပစ်သတ်နေတာပဲ” ဟု ပြောသည်။
မတ် ၃၁ ရက် ဗုံးကြဲတိုက်ခိုက်မှုတွင်လည်း ထီးခွါနီးကျေးရွာအတွင်း ဗုံးတလုံး ကျရောက် ပေါက်ကွဲသည့်အပြင် ဒေပူနို ကျေးရွာ၏ အထက်တန်းကျောင်းဝင်းအတွင်း၌လည်း ဗုံးတလုံး ကျပေါက်ကွဲသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ကရင်လူ့အခွင့်အရေး အဖွဲ့က လူသောမြို့နယ်တွင်း တောတောင်ထဲတွင် ထွက်ပြေးနေရသည့် ဒုက္ခသည်ဦးရေ ၇၀၀၀ နှင့် အထက်သည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ အထောက်ပံ့များကို အရေးပေါ်လိုအပ်နေပါသည်ဟုလည်း သတင်း ထုတ်ပြန်ထားသည်။
“စစ်ကောင်စီရဲ့တပ်တွေက ဒေသခံတွေရဲ့ နယ်မြေထဲကို လေကြောင်း တိုက်ခိုက်တာတွေ ဆက်လုပ်မယ့် အခြေအနေ ရှိနေပါတယ်။ စစ်တပ်က အရပ်သားတွေရဲ့ လူနေမှုဘဝ ပျက်စီးအောင် ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်တန့်အောင် နိုင်ငံ တကာရဲ့ အကူအညီကိုလည်း တောင်းဆိုပါတယ်။ အရပ်သားတွေက ပုန်းနေကြရတယ်။ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြားမှာ အကြောက်တရားနဲ့ နေထိုင်နေကြရတယ်” ဟုလည်း ကရင်လူ့အခွင့်အရေး အဖွဲ့က ဆိုသည်။
ထွက်ပြေးနေရသည့် ကရင်ဒေသခံ တသောင်းကျော်အနက် ၇၀၀၀ ကျော်မှာ တောတောင်များအတွင်း ထွက်ပြေးနေကြပြီး မယ်နူးထာကျေးရွာ၊ အူဝဲကလိုးကျေးရွာနှင့် အီးတူထာ စစ်ဘေးရှောင်စခန်းမှ ဦးရေ ၃၀၀၀ ကျော်သည် မတ် ၂၈ ရက်က သံလွင်မြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့သည်။
ထိုင်းနိုင်ငံနယ်စပ်သို့ ရောက်သွားချိန်တွင်လည်း ထိုင်းနိုင်ငံ အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်းများမှ အကူအညီလာ ပေးခြင်းကို ထိုင်းအာဏာပိုင်များက ခွင့်မပြုသဖြင့် ဒုက္ခသည်များမှာ စားရေးသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် ထိုင်းနိုင်ငံဘက်က လက်မခံဘဲ နှင်ထုတ်သဖြင့် မတ်၂၉ ရက်တွင် ဒုက္ခသည် ၃၀၀၀ ကျော်သည် ဖာပွန်ခရိုင်ဘက် သို့ ပြန်ကူးလာခဲ့ရသည်။
ဖာပွန်ခရိုင်ဘက်ခြမ်းသို့ ပြန်ပြေးလာရသည့် စစ်ဘေးရှောင်ဒုက္ခသည်များသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် တောတောင်ထဲတွင် ဗုံးခိုကျင်းများ တူးခြင်း၊ ကျောက်တောင်များ အောက်ရှိ လိုဏ်ခေါင်းငယ်များထဲတွင် ဝင် ရောက် ခိုလှုံနေကြရသည်။
သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ လူမှုကွန်ရက် စာမျက်နှာ၌ တင်ထားသည့် ဒေသခံများ၏ ရုပ်သံမှတ်တမ်းတွင် အမျိုးသား တဦးက “ဒါ လူနော်။ လူ့ဘဝ တော်တော် စိတ်ညစ်ဖို့ ကောင်းတယ်။ တကယ့်ကို တောရိုင်းတိရစ္ဆာန်ဘဝ ကျနေတာပဲ။ စားစရာလည်း အဆင်မပြေဘူး။ ဘဝတွေကလည်း လုံခြုံမှု မရှိဘူး။ ဘယ်လိုမှ ကျနော်တို့ ဘဝတွေက အာမခံချက် မရှိ သေးတဲ့ ကာလ ဖြစ်နေတယ်။ ဖြစ်သလို အိပ်ရမှာ စားရမှာပဲ” ဟု ဆိုသည်။
၎င်းတို့အနေဖြင့် ကျောက်တောင်၏ အောက်ခြေရှိ လူ ၅ ဦးစာခန့် ခိုလှုံ၍ ရသည့် လိုဏ်ခေါင်းငယ်များတွင် ဝင်ရောက် ခိုလှုံ နေရပြီး နေ့လယ်ပိုင်းတွင် နေပူလွန်းသဖြင့် အဆင်မပြေကြောင်း၊ ယခု ရုပ်သံမှတ်တမ်းကို တွေ့ရှိသည့် မိတ်ဆွေများ အနေ ဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးကြပါရန် မေတ္တာရပ်ခံပါသည ်ဟုလည်း ထိုအမျိုးသားက ပြောဆို ထားသည်။
ဗုံးကြဲ တိုက်ခိုက်ခံရခြင်းကြောင့် ထွက်ပြေး နေသည့် အီးတူထာ စစ်ဘေးရှောင်စခန်းမှ ကရင်စစ်ဘေးရှောင် ဒုက္ခသည်များ ကို ထိုင်းနိုင်ငံဘက်မှ ကူညီကယ်ဆယ်သည် ဆိုသည့် ကောလဟလများ ပြန့်နေသော်လည်း လက်တွေ့တွင် အမှန် မဟုတ်ကြောင်း၊ ဒုက္ခသည် အားလုံးမှာ မလုံခြုံသည့် ကရင်ပြည်နယ်ဘက်ခြမ်းတွင်သာ ပြန်ခိုလှုံနေရပြီး အကြောက်တရား များနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီ ၁ ရက်က တင်ထား သည်။
ဖာပွန်ခရိုင်အတွင်း စစ်တပ်နှင့် KNU တပ်မဟာ (၅) ကြား စစ်ရေးအခြေနေ တင်းမာနေသည်မှာ ဖေဖော်ဝါရီလကတည်း က ဖြစ်သည်။
KNU တပ်မဟာ (၅)က အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ အင်အားချိနဲ့ စေရန်ဟု ဆိုကာ စစ်တပ်၏ ရှေ့တန်းတပ် စခန်းများ၏ ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက်ခဲ့ပြီး ရိက္ခာပြတ်နေသည့် စစ်တပ်က ဆန်နှင့် ဆီများ ထိုင်းနိုင်ငံဘက်မှ သယ်ယူရန် ကြံစည်ရာတွင်လည်း KNU က ဖြတ်သန်း သယ်ဆောင်ခွင့် မပေးခဲ့ပါ။
ဖာပွန်ခရိုင်အတွင်းရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကိုလည်း KNU တပ်မဟာ (၅) က တိုက်ခိုက် သိမ်းယူထားသည်။
You may also like these stories:
အင်ဂျန်းယန်က ဒုက္ခသည် ၉၀၀ ကျော် အကူအညီလိုအပ်နေ
KNU တပ်မဟာ ၃ ဒေသဗုံးကျဲခံရမှု သေဆုံးသူ ၁၁ ဦးထိရှိလာ