စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့ (ဧပြီ ၃ ရက်) နံနက်ပိုင်း၌ အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ များ၏ ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နံနက်အစောပိုင်းကတည်းက စစ်သားနှင့်ရဲများသည် နန္ဒဝန်နှင့် စက်မှုဇုန်ရပ်ကွက်များဘက်သို့ အင်အား အလုံးရင်း ရာဂဏန်းဖြင့် ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မုံရွာ လူသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင်က ပြောသည်။
၎င်းက “သူတို့ ဝင်လာတဲ့အချိန်မှာ ကျနော်တို့ Defense Team က ညီအစ်ကို မောင်နှမ ရဲဘော်များက အတတ်နိုင်ဆုံး ခုခံ ကာကွယ်နိုင်ဖို့ ကြိုးစားတယ်။ ထပ်ပြီး ရပ်ကွက်တွေထဲကို နယ်မြေတိုးပြီးတော့ ဝင်လာလို့ မရအောင် ခုခံကာကွယ်တယ်။ ဒါပေမယ့်လည်း အခုအချိန်ထိ ၁၀ နာရီ ၅၁ မိနစ်အချိန်ထိဆိုရင် ၃ ယောက်တိတိ ကျသွားပြီ” ဟု ဆိုသည်။
သေဆုံးသူ ၃ ဦးမှာ သပိတ်စစ်ကြောင်း Defense Team မှ ၁ ဦး၊ ပြည်သူ၂ ဦး ဖြစ်ကြောင်း၊၂ ဦးမှာ ဦးခေါင်းကျည်ထိမှန်ပြီး ၁ ဦးမှာ လည်ပင်း ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေပြီး အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပါ။
နေ့စဉ်မပြတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြနေသည့် မုံရွာလူထုသပိတ် စစ်ကြောင်းကို Defense Team က ရှေ့မှ ခုခံကာကွယ်ပေးထားသည့်အတွက် အထိအခိုက်မရှိဘဲ ချီတက်ပြီး လူစုခွဲနိုင်ခဲ့သည်ဟု ကိုဝေမိုးနိုင်က ပြောသည်။
“ဒီနေ့ တဖက်က ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်လာတဲ့ အနေအထားမျိုး မြင်ရတဲ့အတွက် စစ်ကြောင်းကို နာရီဝက် လောက်လှည့်ပြီး လူစုခွဲလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
၎င်း၏ ပြောပြချက်အရ မုံရွာ၏ အဓိကလမ်းမကြီးများ ဖြစ်သော ကျောက္ကာလမ်းနှင့် ပြည်ထောင်စုလမ်းများတွင် လက်နက် ကိုင်တပ်ဖွဲ့မှ ကင်းပုန်းများချထားကြောင်း သိရသည်။
ထို့ပြင် စစ်သားနှင့်ရဲအင်အား အလုံးအရင်းဖြင့် နန္ဒဝန်ရပ်ကွက်နှင့် စက်မှုဇုန်ရပ်ကွက်အတွင်း စောင့်ကြပ်နေပြီး ယခုဆိုလျှင် ဘုရားနီခံတပ်ရှိသည့် ထန်းတောရပ်ကွက်နား အတော်လေး နီးလာသည့် အခြေအနေ ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုဝေမိုးနိုင်က “အခုကတော့ ကျနော်တို့ သပိတ်စစ်ကြောင်းတွေရဲ့ အမာခံရပ်ကွက်တွေကို လေးဖက်လေးတန် ညှပ်ပိတ် ထားတဲ့ အခြေအနေလို့ ပြောရမယ်” ဟု ပြောဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ ဆန့်ကျင်ကြောင်း ဆန္ဒပြရင်း စစ်ကောင်စီ လက် နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖတ် ပစ်ခတ် ဖြိုခွင်းမှုကြောင့် ပြည်သူ၂၀ ကျော် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
You may also like these stories:
တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ရှမ်းဒုက္ခသည်များ ဗုံးခိုကျင်း ပြင်ဆင်နေ
ဆရာဝန်တွေကို ပစ်သတ်လိုက်မယ်ဆိုတဲ့ ပုံစံနဲ့ ပြောနေတယ်