တိုင်းနှင့် ပြည်နယ်အသီးသီးတွင် နေ့စဉ်ရက်ဆက် လူထုသေကြေပျက်စီးမှုများ ဖြစ်ပွားနေခြင်းအား စာနာထောက်ထားခြင်းဖြင့် စစ်တွေမြို့သူ ၊ မြို့သားများအနေဖြင့် မဏ္ဍပ်ကြီး များ ဆောက်လုပ်ပြီး ပျော်ပါးခြင်းများ မပြုလုပ်ရန် အရပ်ဖက် အဖွဲ့အစည်းများက မေတ္တာရပ်ခံတောင်းဆို လိုက်သည်။
ဧပြီလ ၂ ရက် နေ့ စွဲဖြင့် စစ်တွေမြို့ပေါ်ရှိ အရပ်ဖက်လူမှု အဖွဲ့အစည်းများက စုပေါင်း၍ ထိုသို့ မေတ္တာရပ်ခံ တစောင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီအဖွဲ့ဝင် ဦးစိုးနိုင်က ပြောသည်။
ဦးစိုးနိုင်က “အခု အချိန်ဟာ တနိုင်ငံလုံး ပူဆွေးသောက ရောက်နေကြတဲ့ အချိန်ဖြစ် တယ်။ ပြည်မမှာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ သေကြေပျက်စီးမှုတွေ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတယ်။ ကိုယ့်တို့ ရခိုင်မှာလည်း စစ်ဘေးရှောင် သိန်းချီပြီး အခုထိ နေရပ် မပြန်နိုင်ကြ သေးဘူး။ အဲဒီလိုမျိုး အခြေအနေမှာ လူသားချင်းစာနာမှုကို ရခိုင်သားတွေ ပြရမယ့် အချိန်ဖြစ်တာကြောင့် ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက စုပေါင်းပြီး အခုလိုမျိုး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့သူမြို့သားများအနေဖြင့် လာမည့် မဟာသင်္ကြန်ပွဲတော်တွင် နံ့သာသွေးပွဲများ ၊ ဘုရားရေချိုးပွဲများ ၊ သက်ကြီးပူဇော်ပွဲများ ၊ ရေလောင်းခြင်းများကို ရခိုင်အရိုးရာ အစဉ် အလာမပျက် ကျင်းပသင့်သော်လည်း ရေလောင်းမဏ္ဍပ်ကြီးများ ဆောက်လုပ် ပျော်ပါး ခြင်း ၊ စင်မြင့်စတိတ်ရှိုးများ ပြုလုပ်သီဆို ကခုန်ခြင်း မပြုလုပ်ရန်လည်း ၎င်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက မေတ္တာရပ်ခံ ထားသည်။
ယင်းအပြင် ကားများပေါ်၌ အသံချဲ့စက် ဆောင်းဘောက်ကြီးများ တပ်ဆင်၍ လှည့်ပတ်ခြင်း ၊ မူးယစ်သောက်စား ပျော်ရွင်နေပုံများကိုလည်း လူမှုကွန်ရက်အွန်လိုင်းပေါ်တွင် တင်ခြင်း စသည့်ဆောင်ရွက်ချက်များကို “ပြည်မတွင် ပူဆွေးသောက ရောက်နေသူများနှင့် မိမိတို့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခဆင်းရဲရောက်နေကြသော စစ်ဘေး ရှောင်များအပေါ် လူသားချင်း ကိုယ်ချင်းစာသည့် စိတ်ဓာတ်မွေးမြူလျှက် ” ရှောင်ရှား သင့်ကြောင်းလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ မေတ္တာရပ်ခံ ထုတ်ပြန်ချက်တွင် ရေးသာဖော်ပြထားသည်။
မကြာခင်ကျရောက်တော့မည့် သင်္ကြန်ကာလအတွင်း တခြားသော ရခိုင်ပြည်နယ် အတွင်းက မြို့ကြီးများတွင်လည်း လူသားချင်း စာနာထောက်ထားမှုများကို ပြသကြရ မည် ဖြစ်သည့်အတွက် မဏ္ဍပ်ကြီးများဆောက်လုပ်၍ ပျော်ပါးခြင်း ၊ ဆောင်း ဘောက် များကြီးများ ဖွင့်၍ ကားပတ်ခြင်းများဖြင့် အပျော်မကြူးကြရန်လည်း သက်ဆိုင်ရာ မြိ့နယ် များရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြည်သူလူထုထံ မေတ္တာရပ်ခံ တောင်း ဆိုထားကြောင်းလည်း သိရသည်။
ယခုအခါ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၅၀ ကျော်ခဲ့ပြီဖြစ်သလို၊ ယနေ့နံနက်ကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူ ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေး သည်။ ထိုအပြင် အဖမ်းခံထားရသူ အရေအတွက်မှာ ၂၇၅၁ ဦးရှိသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် ပစ်ခတ်သတ်ဖြတ်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်း၊ လုယူခြင်းများ ပြုကျင့်နေသဖြင့် လူထုမှာ စိတ်ခြောက်ခြား အားငယ်လျှက် ရှိသည်ကို တွေ့ရသည်။
ထိုအခြေအနေကို ဖုံးကွယ်နိုင်ရန် စစ်ကောင်စီက နေပြည်တော်တွင် သင်္ကြန်ပွဲ ကျင်းပရန် မဏ္ဍပ် ဆောက်ခဲ့သော်လည်း ယခုအခါ ပြန်လည် ဖျက်သွားပြီ ဖြစ်သည်။
You may also like these stories:
NLD ခေါင်းဆောင် ဦးဟံသာမြင့်၊ ဦးသိန်းဦးနှင့် ဦးရဲမင်းဦးတို့ကို ယနေ့ရုံးထုတ်
စစ်ကောင်စီကို ရှုတ်ချသော်လည်း ကုလ လုံခြုံရေးကောင်စီ အရေးမယူနိုင်သေး
ရရာလက်နက်ဖြင့် ပြန်ခံတိုက်ခဲ့သည့် မဏိပူရ်မြစ်ပေါ်က ကမ်းပါးနီ တိုက်ပွဲ