စစ်ကိုင်တိုင်းဒေသကြီး၊ တမူးမြို့၊ နန့်ဖာလုံရပ်ကွက်မှ ချောက်နက်ကြီးရွာ အသွားလမ်းပေါ်ရှိ ကုန်စုံဆိုင်ဖွင့်ထားသည့် နေအိမ်တလုံးအား ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က တပ်နှင့် ရဲက ဝင်စီးရာ သေနတ်များဖြင့် ပစ်ခတ်သည့်အပြင် လက်ပစ်ဗုံးတလုံးဖြင့်ပါ ဖောက်ခွဲသွားကြောင်း ဒေသခံများကပြောသည်။
တပ်၊ရဲနှင့် မီးသတ်ဝတ်စုံ ဝတ်ထားသည့်အဖွဲ့က ကား ၆ စင်းနှင့် ရောက်လာကာ ဝင်စီးခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရခြင်းရှိမရှိ အတည်မပြုနိုင်သေးကြောင်းလည်း ပြောသည်။
ဒေသခံတချို့၏ ပြောကြားချက်အရ ဗုံးဖောက်ခွဲခံရသည့် နေအိမ်ပိုင်ရှင်သည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အမာခံပါတီဝင် ဖြစ်ကြောင်းလည်း သိရသည်။
ယမန်နေ့ ဧပြီ ၂ ရက်နေ့ မနက်အစောပိုင်းကလည်း တမူးမြို့ပေါ်ရှိ မီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်များအား CDM လုပ်ထားသည့် ရဲတပ်သားတဦးက ပြည်သူအချို့အား ဦးဆောင်ကာ လက်ပစ်ဗုံးဖြင့် ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ပြည်သူများအား ဦးဆောင်ခဲ့သည် CDM ဝင်ထားသည့် ရဲတပ်သား ထန်ဟောက်ဂင်(ခ) ကိုကင်းကင်းလည်း စစ်တပ် ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်ကာ ကျဆုံးခဲ့ရသည်။
တိုက်ခိုက်မှုအပြီး ယမန်နေ့က စစ်တပ်မှနန့်ဖာလုံရပ်ကွက်အား စစ်အုပ်ချုပ်ရေး (Martial law) ထုတ်ပြန်လိုက်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင်လည်း ၎င်းတို့တပ်စွဲခဲ့သည့် မီးသတ်ရုံးတွင် စစ်ကောင်စီတပ်များအား မတွေ့ရကြောင်းလည်း ၎င်းတို့ ကပြောသည်။
တမူးမြို့နှင့် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ချောက်နတ်ကြီး ရဲကင်းစခန်းမှာလည်း ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ ညပိုင်းက မီးလောင်ကာ စခန်းပျက်စီးခဲ့သည်။
တမူးမြို့နယ်အတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းလျှက်ရှိသော်လည်း ယနေ့ ဧပြီ ၃ ရက်နေ့တွင် ဗိုလ်ချုပ်လမ်းနှင့် အလောင်းဘုရားလမ်းမတို့တွင် ပြည်သူ များက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
You may also like these stories:
စစ်ကောင်စီတပ်များက YBS ယာဉ်များကို ရပ်ခိုင်းပြီး ခရီးသည်များကို ကန်ကျောက်ရိုက်နှက်
မုံရွာတွင် စစ်တပ်ပစ်ခတ်မှု ၃ ဦး သေဆုံး
မြန်မာကို ပို့မည့် လက်ပစ်ဗုံးနှင့် ကျည်ဆံများ ထိုင်း ဖမ်းမိ