ယနေ့ မနက်အစောပိုင်းက ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်တွင် စစ်တပ်နှင့်ရဲ အင်အား အလုံးအရင်းဖြင့် ဆရာဝန်တဦး၏ နေအိမ်ခြံတံခါးကို ရိုက်ဖျက်ဝင်၍ ဆရာဝန်ကြီးအား လက်ကို နောက်ပြန်ကြိုးတုပ်ထားပြီး ဦးခေါင်းကို ကျွတ်ကျွတ် အိတ် အမဲစွတ်၍ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ဆရာဝန်မှာ အရိုးရောဂါပညာဌာန ပါမောက္ခ၊ အရိုးရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာ ကျော်မင်းစိုးဖြစ်ပြီး CDM လှုပ်ရှားမှုတွင်လည်း ပါဝင်ထားသည့် ဆရာဝန်တဦး ဖြစ်သည်။
ဒေါက်တာ ကျော်မင်းစိုးနှင့် နီးစပ်သည့် ဆရာဝန်တဦးက “ဒီနေ့ မနက် ၅ နာရီလောက်က ဆရာကြီးရဲ့အိမ်ကို စစ်သားတွေ အလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းသွားတာပါ။ တကယ်လို့ သူက CDM လုပ်လို့ ဖမ်းတယ်ဆိုရင်လည်း ဒီလို ပုံစံမျိုးနဲ့ ဖမ်းတယ် ဆိုတာ လက်မခံနိုင်ဘူးပေါ့။ အခု ဖြစ်တဲ့ဟာက ဆရာဝန်တွေကိုလည်း CDM လုပ်တယ်ဆိုပြီး ရိုးရိုးတန်းတန်း ဖမ်းတာ လည်း မဟုတ်ဘူး။ အပြစ်သားလို တရားခံလို ဖမ်းဆီးတယ်။ ဆဲဆိုကြိမ်းမောင်းတယ်။ လောလောဆယ်တော့ ဘယ်ကို ခေါ်သွားလဲဆိုတာ မသိရသေးဘူး။ ဘယ်ကိုစုံစမ်းရမှန်းလဲ မသိဘူး။ ဝရမ်းပါတာလည်း မဟုတ်ဘူး ဒီအတိုင်းခေါ်သွား တာ” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် မိသားစုများ စုစည်းနေထိုင်သည့် အိမ်ဝင်းအတွင်းထဲသို့ ဝင်ရောက်၍ CCTV များကို ဖျက်ဆီးသွားခြင်း၊ အိမ်ဝင်းထဲ ရှိ အခြား မိသားစုအိမ်များအတွင်းသို့ ဝင်ရောက် ရှာဖွေခြင်း၊ အော်ဟစ်ကြိမ်းမောင်းခြင်း တို့ကိုလည်း ပြုလုပ်သွားကြောင်း သိရသည်။
ထိုသို့ ဒေါက်တာကျော်မင်းစိုးကို ဖမ်းဆီးသွားခြင်းမှာ CDM လုပ်ဆောင်သည့် ကိစ္စသာမက ဒဏ်ရာရလူများကို ဆေးကုသ ပေးခြင်း၊ ဒေါက်တာ ဇော်ဝေစိုးနှင့် ရင်းနှီးသည့်အတွက်လည်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။
၎င်းက ဆက်လက်၍ “CDM လုပ်တယ် ဆိုပေမယ့်လည်း ပစ်ခတ်လို့ ဒဏ်ရာရလာတဲ့သူတွေကို ကျနော်တို့မှ မကုရင် ဘယ် သူမှ ကုမှာမဟုတ်ဘူး။ အဲဒီတော့ ပစ်ခတ်ခံရလို့ ဒဏ်ရာရလာတဲ့သူက တနေ့တနေ့ ရာချီတော့ ဆေးရုံက မဖွင့်လို့လည်း မရဘူး။ ဆေးရုံပြန်ဖွင့်ပြီး လူနာလက်ခံ ကုပေးရတာပဲ။ သူတို့ကတော့ လူနာတွေ ဆေးရုံရောက်မလာအောင်လို့ စစ်သား တွေနဲ့ ပိတ်ထားတယ်။ လူနာတွေ ဆေးကုလို့ မရအောင် အမျိုးမျိုးနှောင့်ယှက်တာတွေ ရှိတယ်။ အဲဒါမျိုးတွေ ကျနော်တို့ က လက်မခံနိုင်ဘူး။ အဲဒါကြောင့် ဆရာဝန်တွေကို အမျိုးမျိုး ခြိမ်းခြောက်တယ်။ ကျနော်တို့ကတော့ လုပ်စရာရှိတဲ့ အလုပ် ကို ဆက်လုပ်မှာပဲ။ အကောင်းအဆိုးက ရင်ဆိုင်ရမှာပဲ” ဟု ပြောဆိုသည်။
ဧပြီလ ၂ ရက်တွင်လည်း ပဲခူးမြို့တွင် လူထုကို အခမဲ့ ဆေးကုသပေးနေသည့် ပုဂ္ဂလိက ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ နေမျိုးကို ပဲခူးမြို့နယ် ရဲတပ်ဖွဲ့က ဧပြီလ၂ ရက် ညနေ ၃ နာရီတွင် ဒက္ခိဏသာခါ ဘုန်းကြီးကျောင်းထိပ်ရှိ ရန်ကုန်- မန္တလေး လမ်းမတွင် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ခြိမ်းခြောက် ဖိအားပေးခြင်း၊ ဆေးရုံ အုပ်များကို ဖမ်းဆီး တရားစွဲခြင်း၊ ကယ်ဆယ်ရေး ပရဟိတလုပ်ဆောင်နေသူများကို အကြမ်းဖက် ရိုက်နှက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
You may also like these stories:
NLD ခေါင်းဆောင် ဦးဟံသာမြင့်၊ ဦးသိန်းဦးနှင့် ဦးရဲမင်းဦးတို့ကို ယနေ့ရုံးထုတ်
မြန်မာ့ CDM လှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရ
ငပုတောမှ CDM ကျန်းမာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံနေရ
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ
ပုသိမ်ဆေးရုံအုပ်ကို ပုဒ်မ ၅၀၅(ဃ) ဖြင့် အမှုဖွင့်