ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာ မေးမြန်းနေသည့် CNN သတင်းဌာန၏ သတင်း ထောက်ချုပ် Clarissa Ward ၏ မေးမြန်းမှုကို ဖြေကြားခဲ့သူ ၉ ဦးကို စစ်ကောင်စီက ချက်ခြင်းဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများမှာ သတင်းထောက် Clarissa Ward သွားရောက်ခဲ့သည့် မင်္ဂလာဒုံဈေးမှ ၇ ဦး၊ အင်းစိန်မြို့ နယ် ၁၀မိုင်ကုန်းအနီး Asia Light Supermarket မှ ၂ ဦး စုစုပေါင်း ၉ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။
မင်္ဂလာဒုံဈေးအတွင်းမှ ဖမ်းဆီးခံရမှုတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အမှတ်လက္ခဏာဖြစ်သည့် လက်သုံး ချောင်း ထောင်ပြသည့် သူများကို သတင်းထောက် Clarissa Wardက ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခြင်းဖြစ်ပြီး၊ မေးမြန်းမှုပြီး၍ မကြာမီ အရပ်ဝတ်များ ဝတ်ထားသည့်သူများက လိုက်လံဖမ်းဆီးခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရသူများက ဆိုသည်။
မျက်မြင်တွေ့ရှိသူတဦးက “မင်္ဂလာဒုံဈေးထဲမှာက တီဗီပြင်တဲ့ ညီအစ်ကိုလည်း ပါသွားသေးတယ်။ အားလုံး ပေါင်း ၇ ယောက်၊ အစ်မတို့ သိထားတာက သတင်းထောက်တွေကို လွှတ်ထားတယ်။ လွတ်လွတ်လပ်လပ် ဖြေခွင့်ပေးထားတယ်လို့ ထင်ရတယ်။ ဒါပေမယ့် အကုန်လုံးက အရပ်ဝတ်တွေနဲ့ ရှိနေတာ။ သူတို့ (သတင်း ထောက်) တွေနဲ့ နည်းနည်းလှမ်းပြီဆိုတော့မှ ရှိတဲ့သူကို အသံတိတ်ဆွဲတာ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သဖြင့် မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း လိုက်ပါကူညီဆောင်ရွက်နေသည့် ရှေ့နေတဦးက ပြောသည်။
“၂ ဦးက အကူအညီတောင်းပါတယ်။ ဘယ်မှာထားထားလဲဆိုတာ လက်လှမ်းမမီသေးဘူး။ အင်းစိန်ထောင်ကို မရောက်သေးတာ သေချာတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ပြည်တွင်းသတင်းဌာနများကို ထုတ်ဝေခွင့် ထုတ်လွှင့်ခွင့် ရပ်ဆိုင်းခြင်း၊ တရားစွဲခြင်း၊ သတင်းထောက်များကို ဖမ်းဆီးခြင်း လုပ်နေချိန်၊ အမေရိကန်အခြေစိုက် CNN သတင်းဌာနအား တရားဝင် ခွင့်ပြုကာ ဝင်ရောက်ခွင့်ပေးပြီး စစ်တပ်ယာဉ်တန်း အစောင့်အရှောက်ဖြင့် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတွင် သတင်းမှတ်တမ်းများ လာရောက် ရိုက်ကူးစေခဲ့သည်။
ကုလသမဂ္ဂမှ ကိုယ်စားလှယ်များကို ဝင်ရောက်ခွင့် မပြုသော်လည်း CNN သတင်းအဖွဲ့ကိုမူ ဝင်ရောက်ခွင့် ပေးခြင်းနှင့် ပတ်သက်၍ ပြောဆိုမှု အမျိုးမျိုး ထွက်ပေါ်နေသည်။
ပြည်သူများကလည်း စစ်တပ်အစောင့်အရှောက်ဖြင့် လှည့်လည်သွားလာနေသော CNN သတင်းထောက် အခြေအနေ အမှန်ကိုသိစေရန် သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်သုံးချောင်း ထောင်ပြခြင်း စသည်တို့ကို ပြုလုပ်ကြသည်။
မြန်မာနိုင်ငံတွင် တကယ်ဖြစ်ပျက်နေသည့် အကြောင်းအရာများကို နိုင်ငံတကာမှ သိစေရန် လုပ်ဆောင်ခြင်းမှာ နိုင်ငံသားတဦး၏ တာဝန်ဖြစ်ပြီး၊ ထိုသို့ CNN ၏ မေးမြန်းမှုကို ဖြေကြားသူများအား ဖမ်းဆီးခြင်းမှာ လုံးဝ မဖြစ် သင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ တဦးက သုံးသပ်သည်။
၎င်းက “ပိုမိုဆိုးရွားတာကတော့ သတင်းထောက်ကို သတင်းယူဖို့ ခေါ်ထားပြီး သတင်းပေးတဲ့လူကို ဖမ်းတယ်ဆိုတဲ့ ကိစ္စက စစ်အုပ်စုရဲ့ သွေးရူးသွေးတန်းနဲ့ လုပ်ဆောင်မှုဖြစ်တယ်။ အပေါ်ပိုင်းမှာ ဖွင့်ပြပြီး အောက်ပိုင်းမှာ ပြန်ပိတ်တဲ့ သဘောမျိုးပဲ”ဟု ပြောသည်။
သတင်းစာဆရာတဦးကလည်း “CNN သတင်းဌာနဆိုတာကလည်း အစိုးရက ခွင့်ပြုပြီး လိုက်ပြပေးတဲ့ သတင်း ဌာန။ ဒါကို ဖမ်းတယ်ဆီးတယ်ဆိုတော့။ အဲဒါက သတင်းလွတ်လပ်ခွင့် မရှိဘူးဆိုတာထက် သတင်းရင်းမြစ် တွေကိုပါ သတင်းဌာနကို သူတို့ အဖြစ်မှန်အတိုင်း ပြောခွင့်မရှိဘူးဆိုတာ ဖော်ပြနေတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းခဲ့သည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၅၀ ကျော်ခဲ့ပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူ ၂၇၅၁ ဦးရှိကာ ဖမ်းဝရမ်းထုတ်ခြင်းခံရ၍ တိမ်းရှောင်နေရသူ ၁၂၆ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
စစ်တွေသင်္ကြန် မဏ္ဍပ် ဆောက်၍ မပျော်ပါးရန် အရပ်ဘက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ
NLD ခေါင်းဆောင် ဦးဟံသာမြင့်၊ ဦးသိန်းဦးနှင့် ဦးရဲမင်းဦးတို့ကို ယနေ့ရုံးထုတ်