စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူများ၏ သပိတ်စစ်ကြောင်း ကာကွယ်ရေးအဖွဲ့များ အကြား ယနေ့ညနေ ၄ နာရီခန့်ကစ၍ အပြန်အလှန်ပစ်ခတ်နေကြောင်း ဒေသခံတဦးက ပြောသည်။
“အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမ(အာရှလမ်း)ပေါ်က ရွှေမြို့တော်ဆီဆိုင်နားမှာ ပြည်သူတွေက သဲအိတ်တွေနဲ့ ကာနေတာကို စစ်တပ်က လာပစ်တော့ ပြည်သူတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ စဖြစ်တာ၊ လက်ရှိမှာ စစ်တပ်က တခြားလမ်းတွေဘက်ကိုလည်း လိုက်ပတ်ပစ်နေတယ်၊ သူတို့ ပြန်ဆုတ်ရင်းက ပစ်နေတဲ့ပုံစံပဲ၊ ပစ်ခတ်မှုက မရပ်သေးဘူး”ဟု ယနေ့ညနေ ၅ နာရီခွဲခန့်ကပြောသည်။
ယမန်နေ့ညကလည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များ ရှိသည့် နေရာအချို့ကို မီးရှို့မှုပြုလုပ်ခဲ့ပြီး ချောင်းနက်ကြီးရွာဘက် အသွားလမ်းပေါ်မှ တံတားငယ်တစင်းလည်း မီးလောင်ပျက်စီးခဲ့သည်။
အဆိုပါအဖြစ်အပျက်များအတွင်း ချောင်းနက်ကြီး ရဲစခန်းအနီးရှိ နေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး၊ မီးလောင်သည့် အိမ်ရှင်မှာ စစ်တပ်သတင်းပေးတဦးဖြစ်ပြီး လက်နက်ပွဲစားလည်း လုပ်သည်ဟု သတင်းထွက်နေသူ တဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိဖြစ်နေသည့် စစ်တပ်နှင့် တမူးရှိ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အကြား ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိသည်ဟု ကြားသိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ညပိုင်းကလည်း CDM ရဲတပ်သားတဦးက ပြည်သူအချို့အား ဦးဆောင်ကာ စစ်တပ်က တပ်စွဲထားသည့် မီးသတ်ရုံးအား ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က ၆ ဦးခန့် သေဆုံးခဲ့ပြီး တိုက်ခိုက် မှုအား ဦးဆောင်ခဲ့သည့် CDM ရဲတပ်သား ကိုကင်းကင်းလည်း ကျဆုံးခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်တပ်ဘက်က မီးသတ်ရုံးအား စွန့်ခွာခဲ့ပြီး ပြည်သူများဘက်က ယမန်နေ့ညနေပိုင်း ကစတင် ကာ ၎င်းမီးသတ်ရုံးအရှေ့၌ အကာအရံများချထားပြီး နေရာယူထားသည်။
ယမန်နေ့က တမူးမြို့ရှိ NLD ပါတီထောက်ခံသူတဦး၏ နေအိမ်ကို စစ်တပ်က ဝင်ရောက် စီးပြီး လက်ပစ်ဗုံးနှင့် ပစ်ခွဲခဲ့သည်။
You may also like these story:
တမူးတွင် ကုန်စုံဆိုင်ကို တပ်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်