မြန်မာ့အရေး ဆွေးနွေးရန် အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို ထောက်ခံကြောင်းနှင့် ဂျကာတာ၌ ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်ရေး အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ယင်းသို့ ဆွေးနွေးပွဲပြုလုပ်ရန် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်တိုက်တွန်းနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အသင်းဝင်အဖြစ် ပါဝင်နေသော အာဆီယံက တပါးသူ၏ ပြည်တွင်းရေး ဝင်မစွက်ရေးမူကို လက်ကိုင်ထားရှိနေသော်လည်း ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီထားသည့် နည်းလမ်းအဖြေတခု ရှာဖွေလိုနေသည်။
မလေးရှားနှင့် ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် ဘရူနိုင်းက ၂ နိုင်ငံအနေဖြင့် ၎င်းတို့၏ ဝန်ကြီးများနှင့် အကြီးတန်းအရာရှိများအား “အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးတွင် ကျင်းပမည့် အစည်းအဝေးအတွက် လိုအပ်သည်များကို ပြင်ဆင်ကြရန်” ညွှန်ကြားထားကြောင်း ရေးထားသည်။
ယင်းကြေညာချက်သည် တနင်္လာနေ့တွင် မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin နှင့် ဘရူနိုင်း ဆူလ်တန်ဘုရင် Hassanal Bolkiah တို့ တွေ့ဆုံအပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။
“ခေါင်းဆောင် ၂ ဦးလုံးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည်များနှင့် ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များက ဆွေးနွေးကြရန် သဘောတူသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
သို့သော် မည်သည့်အချိန်တွင် ဆွေးနွေးမည်ကို မထုတ်ပြန်ပါ။
“သက်ဆိုင်ရာ အားလုံးက အကြမ်းဖက်မှုများ ပိုမဖြစ်ပွားစေရေး မလှုံ့ဆော်ကြရန်နှင့် ဘက်ပေါင်းစုံမှ အတတ်နိုင်ဆုံး ထိန်းချုပ်ထားပြီး ပျော့ပျော့ပြောင်းပြောင်း ဖြစ်ကြရန် တိုက်တွန်းပါသည်”ဟုလည်း ရေးသားထားသည်။
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့ကလည်း မြန်မာပြည်တွင်းမှ မြင့်တက်လာနေသည့် ထိခိုက်သေကြေမှုများအတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပြီး အာဆီယံထိပ်သီး ဆွေးနွေးကြရန် ထောက်ခံထားကြသည်။
အဆိုပါ နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မြောက်ဘက်ရှိ ဩဇာကြီး တရုတ်နိုင်ငံကလည်း မြန်မာ့အရေး အာဆီယံ၏ ကြားဝင် ဖြန်ဖြေစေ့စပ်မှုကို ထောက်ခံထားသည်။
အာဏာသိမ်း မြန်မာ စစ်ကောင်စီသည် ဆန္ဒပြသူ ၅၅၇ ဦးကို သတ်ဖြတ်ခဲ့ပြီး လူ ထောင်ပေါင်းများစွာကို ဖမ်းဆီးချုပ်နှောင်ထားသည်။ အင်တာနက် ဆက်သွယ်ရေးများကိုလည်း ဖြတ်တောက်ထားသည်။
ကိုးကား ။ ။ Reuters
You may also like these stories:
စစ်ကောင်စီ ဝန်ကြီးအဖွဲ့ထဲက တရုတ်နှင့် ပူးသူများ
“ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား
မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ