သတင်း

ရွှေပြည်သာမြို့နယ် NLD ဥက္ကဋ္ဌကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မြို့နယ် ဥက္ကဋ္ဌ ဖြစ်သူ အသက် ၇၅ နှစ် ရှိ ဒေါ်မြမြဝင်းကို စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒေါ်မြမြဝင်းကို ၎င်း၏နေအိမ်တွင် ဧပြီလ ၄ ရက် နေ့လယ်၂ နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လာ ရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ယခုကဲ့သို့ နေအိမ်သို့လာခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မတ်လတွင်းကလည်း ဒေါ်မြမြဝင်း နေအိမ်သို့ စစ်ကောင်စီက လာ ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ထိုကာလက ရှောင်တိမ်းနေသည့် ဒေါ်မြမြဝင်းကို မတွေ့သည့်အတွက် ၎င်း၏ ချွေးမဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ဒေါ်မြမြဝင်းနှင့် နီးစပ်သူ ၁ ဦးက “ကိုဇော်မြတ်လင်း စုအသက်မွေးဝမ်းကျောင်း သိပ္ပံကို ဖမ်းပြီး မကြာခင်မှာ နေအိမ်ကို လာစစ်တယ်။ ဒေါ်မြမြဝင်းက အိမ်မှာ မရှိဘူး ခေတ္တ ရှောင်နေတာပေါ့။ ရှောင်နေတဲ့အချိန်မှာ သူ့ကို မတွေ့တော့ ချွေးမကို ခေါ်သွားပြီးတော့ ၁ နာရီ ၂ နာရီလောက် မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောပြသည်။

၎င်းက ဆက်လက်ပြီး “ဘာမပြောညာမပြောနဲ့ လုံလောက်တဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်လည်း မရှိဘဲနဲ့ ထိန်းသိမ်းသွား တယ်။ ရှေ့မှာ ဖြစ်စဉ်တွေလည်း ရှိတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို တော်တော်လေးကို ညှင်းပန်းနှိပ်စက်တာတွေလည်း ရှိတယ်ဆိုတော့ တော်တော်စိတ်ပူတယ်” ဟု ဆိုသည်။

NLD ပါတီဝင် ၁ ဦး ဖြစ်သည့် “စု အသက်မွေးဝမ်းကျောင်း သိပ္ပံ (ရွှေပြည်သာ)” တာဝန်ခံ ဦးဇော်မြတ်လင်းအား မတ်လ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီမှ လာရောက် ဖမ်းဆီးခဲ့ပြီး မတ်လ ၉ ရက်တွင် သေဆုံးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၆ ရက် ညပိုင်းကလည်း ပန်းပဲတန်းမြို့နယ် NLD ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖမ်းဆီးသွားပြီးနောက် ညတွင်းချင်းပင် သေဆုံးခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် ဖြစ်သည့် ဦးကျော်ကျော်ကို မတ်လ ၁၅ ရက်က ဖမ်းဆီးခဲ့ပြီး မတ်လ ၃၀ ရက်တွင် သေဆုံးခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၄ ရက်အထိ ဖမ်းဆီးခံရသူ စုစုပေါင်း၂,၆၆၇ ဦး ရှိပြီး ဖမ်း ဝရမ်း ထုတ်ခံရသဖြင့် တိမ်းရှောင်နေရသူ ၄၂၅ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကောက်ယူထားသော စာရင်းအရ သိရသည်။

You may also like these stories:

စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာ

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို ရှေ့နေ ၈ ဦးဖြင့် ဆောင်ရွက်မည်

Loading