ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာတွင် ဧပြီလ ၄ ရက် မွန်းလွဲ ၃ နာရီ အချိန်ခန့်က စစ်ကျန်လက်နက် ပေါက်ကွဲမှု ဖြစ်သည့်အတွက် မိသားစုဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ထိုပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ မိခင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးအေးသိန်း၊ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်အောင်ကိုလင်းနှင့် အသက်၂ နှစ်အရွယ် မောင်ကျော်ဆန်းဝင်းတို့ ဖြစ်ကာ သားကြီး မောင်ဝေယံလင်းမှာ လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရွှေပြည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးမောင်က ပြောသည်။
၎င်းက “သူတို့ မိသားစုဝင်တွေ ပြောပြချက်အရတော့ အိမ်ဆောက်မယ်ဆိုပြီး ခြံဝင်းထဲမှာ အမှိုက်တွေကို သန့်ရှင်းရေး လုပ် ကြတယ်။ အဲဒီအချိန်မှာ ကလေးတွေ ဗုံးသီးတလုံးကို ကောက်ယူပြီးတော့ အားလုံး ဝိုင်းကြည့်ကြတဲ့အခါ ပေါက်ကွဲတာလို့ ပြောတယ်။ ဗုံးသီးက အပြင်က ကောက်ရလာတာလား ။ အဲဒီ ခြံထဲမှာပဲတွေ့ပြီး ကိုင်ကစားကြည့်တာလားဆိုတာတော့ သေချာမသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဗုံးပေါက်ကွဲသည့်အတွက် သားငယ် မောင်ကျော်ဆန်းဝင်းမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိခင် ဒေါ်အေး အေးသိန်းနှင့် သားလတ် မောင်အောင်ကိုလင်းတို့မှာ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရင်း လမ်းတွင် သေဆုံးခဲ့ကြောင်းလည်း ကျေးရွာ သားများက ပြောသည်။
ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (Rakhine Ethnics Congress) ၏ ကောက်ခံထားသော စာရင်းအရ ၂၀၁၈ ခုနှစ်မှနေ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ ကာလအတွင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန် လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၃ ဦး ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၆၇ ဦး ရှိကြောင်း သိရ သည်။
တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ သုံးနှစ်နီးပါးကြာ တိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာသား သိန်းနှင့်ချီ နေရပ်မပြန် နိုင်သေးဘဲ လက်ရှိအချိန်အထိ စစ်ရှောင်စခန်းများတွင် ဝင်ရောက် ခိုလှုံနေကြသည်။
မိုင်းရှင်းရေးများကို လုပ်ဆောင်ပေးနေပြီ ဖြစ်သည့်အတွက် စစ်ရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီက တိုက်တွန်းနေသော် လည်း ကျေးရွာသားများက ကျေးရွာအနီး၌ တပ်မတော်သားများ တပ်စွဲနေထိုင်ခြင်းနှင့် မိုင်းအန္တရာယ် ရှိနေသည့်အတွက် နေရပ်သို့ မပြန်ရဲသေးကြကြောင်း ထုတ်ဖော် ပြေကြားထားသည်။
You may also like these stories:
စစ်ကောင်စီကို ဘယ်အဖွဲ့တွေ တိုက်ပြီး ဘယ်အဖွဲ့တွေ မတိုက်ဘူးလဲ
တမူးတွင် ကုန်စုံဆိုင်ကို တပ်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်