ပဲခူးတိုင်း ပဲခူးမြို့နယ်ရှိ စစ်တပ်နှင့် ဆက်စပ်သည့် နေရာအချို့ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခံရသောကြောင့် ပေါက်ကွဲ မှုများ ဖြစ်ခဲ့ကြောင်း ပဲခူးမြို့ခံများက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၃နာရီခန့်က ပဲခူးမြို့ သနပ္ပင်လမ်းရှိ စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီ Mytel ရုံးနှင့် ပဲခူး ရွှေမော်ဓော ဘုရားတောင်ဘက်မုခ်ထိပ်တို့၌ ပေါက်ကွဲမှုအချို့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အမည်မသိ ဆိုင်ကယ်သမားများက လာရောက် ပစ်ခတ်တိုက်ခိုက်သဖြင့် ရွှေမောဓောဘုရား တောင်ဘက်မုခ်ထိပ်ရှိ စစ်တပ်ကင်းချထားသော နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးဒေသခံတချို့ ဧရာဝတီသို့ ပြောသည်။
“ပစ်သွားတာက လိပ်ပြာကန်ထိပ်နားက Mytel ရုံးကိုရော ၊ တောင်ဘက် မုခ်ထိပ်က ကင်းချထားတဲ့နေရာကိုရော ပစ်တာ။ ပေါက်ကွဲတာက တောင်ဘက်မုခ်ထိပ်က ဘုရားဘက်အခြမ်း စစ်သားတွေကင်းချထားတဲ့ နေရာမှာပဲ ပေါက်တယ်။ Mytel ရုံးရှေ့ကတော့ ပစ်လိုက်ပေမယ့် မပေါက်ဘူး” ဟု ၎င်းက ဆိုသည်။
ပဲခူးမြို့ရှိ Mytel ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတဦးကလည်း ရုံးကို ဆိုင်ကယ်ဖြင့် လူ၂ ဦးက လက်လုပ်မိုင်း ဖြင့် လာရောက် ပစ်ခတ်ခဲ့သော်လည်း ပေါက်ကွဲမှု မဖြစ်ခဲ့ကြောင်း ဧရာဝတီသို့ အတည်ပြု ပြောသည်။
ပဲခူးရွှေမော်ဓောဘုရားတောင်ဘက်မုခ်ထိပ်၌ ပေါက်ကွဲမှုဖြစ်ခဲ့သော်လည်း ထိခိုက်ပျက်ဆီးမှု ကြီးကြီးမားမား မရှိကြောင်း ဒေသခံများက ပြောသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက်တွင် ပဲခူးမြို့ထဲရှိ အချက်အခြာကျသောနေရာများ၌ လမ်းသွားလမ်းလာများကို စစ်တပ်နှင့် ရဲက ဆိုင်ကယ် Tool Box များ ဖွင့်ခိုင်းခြင်း၊ ဖုန်းများ တောင်းယူ စစ်ဆေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ပဲခူးမြို့ ဒေသခံ များက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကလည်း ပဲခူးမြို့ မြွေဘုရားအနီးရှိ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ သေး သည်။ ယင်းပေါက်ကွဲမှုသည် အတော်ပင် အသံကျယ်လောင်သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အနီးရှိ ဒေသခံအချို့က ပြော သည်။
မည်သူ့ လက်ချက်ဖြစ်သည်ကို အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီဘက်ကမူ ပေါက်ကွဲမှုသည် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာမှတဆင့် သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီက စုံစမ်းရရှိသည့် သတင်းအရ ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး ခြေထောက်ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
လက်ရှိ အခြေအနေမှာ ပဲခူးမြို့သနပ္ပင်လမ်းပေါ်ရှိ ဗိုလ်ချုပ်ဘုန်းကြီးကျောင်း ရှေ့တွင် နေရာယူထားသော စစ်တပ်သည် လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သဖြင့် ပဲခူးမြို့ဒေသခံ ချေးငွေဘဏ် ဝန်ထမ်း တဦး သေနတ် ကျည်ထိမှန်သေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးမြို့ဒေသခံများက ပြောကြားသည်။
You may also like these stories:
တမူးတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးများ အကြား ပစ်ခတ်မှုဖြစ်
တမူးတွင် ကုန်စုံဆိုင်ကို တပ်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်