သတင်း

စစ်ကောင်စီလက်ထက် ရိုးရာသင်္ကြန်ပွဲကို လူငယ်တွေ သပိတ်မှောက်

Want create site? Find Free WordPress Themes and plugins.

လူထုရွေးချယ် တင်မြှောက်ထားသည့် အရပ်သားအစိုးရထံမှ စစ်တပ်အာဏာသိမ်းယူထားသည့်အတွက် မကြာမီ ကျ ရောက်မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်း မပြုဘဲ သပိတ်မှောက်မည်ဟု မြို့နယ်အသီးသီးမှ လူငယ်များက ကြေညာလျက်ရှိကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ပြည်သူများအပေါ် နေ့ညမရွေး အကြမ်းဖက် ပစ်သတ်၊ ဖမ်းဆီးမှုများကြောင့် လုံခြုံမှု မရှိသည့် အခြေအနေအား ကြုံတွေ့နေရသည့်အတွက် ပြည်သူတရပ်လုံး အနေဖြင့်လည်း စစ်ကောင်စီ လက်ထက်ကျင်းပ မည့် သင်္ကြန်ပွဲတွင် ပါဝင်ခြင်း မပြုကြရန်လည်း မေတ္တာရပ်ခံ တောင်းဆိုထားကြသည်။

မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတဦးက “စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေမှာ သင်္ကြန်ပွဲကို ပါဝင်ဖို့ မရှိပါဘူး၊ ဒီလောက်ပြည်သူတွေ အသတ်ခံနေရပြီး ဖမ်းဆီးခံနေရတဲ့အချိန်မှာ ပျော်စရာလည်း မရှိဘူး” ဟု ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်သည့် လူငယ်များ၏ ပြည်သူသို့ ပန်ကြားချက်တွင်လည်း “ (သင်္ကြန်) ပါဝင်ဆင်နွှဲခြင်းသည် နွေဦး တိုက်ပွဲအတွင်း ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ၊ မတရားသဖြင့် ဖမ်းဆီးခံနေရသော ပြည်သူများနှင့် ထိခိုက် ဒဏ်ရာခံစားနေရသော ပြည်သူများအပေါ် မစာနာ၊ မလေးစားရာ ကျရောက်ပါသည်” ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် မဟာရက္ခိတအဖွဲ့တို့ကလည်း နိုင်ငံအနှံ့ သေကြေပျက်စီး မှုများနှင့် ပူဆွေးနေမှုများအား စာနာထောက်ထားမှုပြသည့် အနေဖြင့် ရခိုင်ရိုးရာသင်္ကြန်ပွဲများအား မဏ္ဍပ်ကြီးများ ဆောက် လုပ်ကာ ပျော်ပါးခြင်းနှင့် ဆောင်းဘောက်ကြီးများ တင်ကာ ကားများဖြင့် လှည့်လည်ခြင်း များ မပြုလုပ်ကြရန်လည်း ရခိုင် လူထုထံ မေတ္တာရပ်ခံထားသည်။

သင်္ကြန်ပွဲ မကျင်းပကြရန် နှိုးဆော်စာများ သာကေတတွင် လူငယ်များ လိုက်လံဝေငှနေစဉ် (ဓာတ်ပုံ- cj)

သင်္ကြန်ပွဲအား ပါဝင်ဆင်နွှဲခြင်း မပြုကြရန် လူငယ်များ၏ တိုက်တွန်းမှုနှင့်အတူ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း သင်္ကြန်နှင့်ဆက်စပ်ပြီး တရုတ်နိုင်ငံမှ တင်သွင်းသည့် ထုတ်ကုန်ပစ္စည်းများလည်း မဝယ်ယူခြင်းဖြင့် သပိတ်မှောက်ကြရန် လှုံ့ဆော်မှုများလည်း ရှိနေသည်ကိုတွေ့ရသည်။

မော်လမြိုင်မြို့က လူငယ်တဦးကလည်း “ မော်လမြိုင်မှာ လူငယ်တွေကတော့ သင်္ကြန်ပွဲ မပါဝင်ကြဖို့ ပြောထားကြတယ်။ မဏ္ဍပ်ဆောက်တာလည်း မတွေ့ရပါဘူး။ အာဏာသိမ်းတာကြောင့် တတိုင်းပြည်သူလုံးက ဆန့်ကျင် ဆန္ဒပြနေကြတဲ့ အချိန်မှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့က အဆင်မပြေဘူး။ လုပ်လည်း မလုပ်စေချင်ဘူး၊ လူတွေလည်း ထိခိုက် သေကြေနေကြရ တယ်” ဟု ပြောသည်။

စစ်ကောင်စီဘက်ကတော့ သင်္ကြန်ပွဲများ ကျင်းပရန် နေပြည်တော်နှင့် မန္တလေးတို့တွင် မြို့တော်ဝန် မဏ္ဍပ်များ တည် ဆောက်ခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည် ဖြုတ်သိမ်းခဲ့သည်။

နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြသည့် မြို့နယ်အသီးသီးတွင် စစ်ကောင်စီတပ်များက ပစ်ခတ်၊ ဖမ်းဆီးမှုများကြောင့် သင်္ကြန်နှင့် ပတ်သက်သည့် လှုပ်ရှားမှုများ မရှိသလောက် ငြိမ်းသက်နေသော်လည်း ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ တန့်ယန်မြို့ အောင်မင်္ဂလာရင်ပြင်တွင် မော်ဒယ်၊ အဆိုတော်များဖြင့် သင်္ကြန်ပွဲ ကျင်းပရန် ကြေ ညာထားသည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဧပြီ ၅ ရက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကလေး ငယ်များ အပါအဝင် ပြည်သူ ၅၇၀ ဦးသေဆုံးခဲ့ရပြီး၂၇၂၈ ဦး ချုပ်နှောင်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) က ထုတ်ပြန်ထားသည်။

You may also like these stories:

မိုးညှင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းများကို စစ်တပ် ဝင်ရှာဖွေ

တမူးတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးများ အကြား ပစ်ခတ်မှုဖြစ်

Did you find apk for android? You can find new Free Android Games and apps.
Loading