သတင်း

မီးလောင်သွားသည့် တိမ်ညို စစ်ရှောင်စခန်း ပြန်တည်ဆောက်ဖို့ အကူအညီ လို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ တိမ်ညို စစ်ရှောင်စခန်းတွင် လူနေအဆောင်များ မီးလောင်သွားသည့်အတွက် ပြန် လည် တည်ဆောက်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ယင်းစစ်ရှောင်စခန်း၏ တာဝန်ခံ ဦးစိုးနိုင်က ပြော သည်။

ယင်းတိမ်ညို စစ်ရှောင်စခန်းတွင် မြောက်ဦးမြို့နယ်ထဲရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြားနေရာများမှ စစ်ရှောင် ဒုက္ခသည်များ ခိုလှုံနေကြခြင်း ဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ ညနေ ၈ နာရီဝန်းကျင် အချိန်ခန့်က မီးလောင်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် လူနေဆောင် ၈၀၀ ကျော်တွင် အဆောင် ၆၀၀ ကျော် မီးလောင်ပြာကျ သွားခဲ့သဖြင့် ယင်းစစ်ရှောင် စ ခန်းမှ ရခိုင်ပြည်သူများသည် လက်ရှိအချိန်တွင် တိမ်ညိုကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲတွင် ဖြစ်သလို တဲထိုး နေထိုင် ရကြောင်း စစ်ရှောင်များက ပြောသည်။

စခန်း တာဝန်ခံ ဦးစိုးနိုင်က“လူနေဆောင် ၈၀၀ ကျော်မှာ ၆၀၀ ကျော်က မီးလောင်ပြာကျသွားတယ်။ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေက လှူကြတာတော့ရှိတယ်။ ဒါပေမယ့် အဆောင် ၃၀၀ ကျော်လောက်ပဲ တည်ဆောက်လို့ ရမယ်။ ကျန်တဲ့ အဆောင် ၃၀၀ ကျော်လောက် လိုအပ်နေပါသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိမ်ညို စစ်ရှောင်စခန်းသို့ မတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လက်ရှိ အခြေအနေအရ အစိုးရ အနေဖြင့် အဆောင်များ ဆောက်လုပ်ပေးနိုင်မည် မဟုတ်ကြောင်း၊ နယ်မြေ အခြေအနေ အေးချမ်းနေပြီ ဖြစ်၍ နေရပ်သို့ ပြန်ရန် တိုက်တွန်းခဲ့ကြောင်း စစ်ရှောင်များက ပြောသည်။

တိမ်ညို စစ်ရှောင်စခန်းတွင် နေထိုင်သူ ဦးမောင်တင်သိန်းက“ပြည်နယ်ကောင်စီအဖွဲ့တွေက ကျနော်တို့ဆီကို ကွင်းဆင်း လာတဲ့အချိန်မှာ အခု မီးလောင်သွားတဲ့နေရာမှာ အဆောင်တွေလည်း ဆောက်ပေးနိုင်မှာ မဟုတ်ဘူး။ အရင်လို အလှူရှင် တွေလည်း ရှိမှာ မဟုတ်တဲ့အတွက် ရွာပြန်ပြီး နေကြဖို့ အဲလို သဘောမျိုးတွေ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြည်နယ် စစ်ကောင်စီက အိမ်ပြန်ခိုင်းသော်လည်း ကျေးရွာအနီးဝန်းကျင်တွင် တပ်မတော်သားများ တပ်စွဲနေထိုင်သည့် အပြင် မိုင်းအန္တာရာယ်များလည်း ရှိနေသည့်အတွက် မိမိကျေးရွာသို့ ပြန်ရန် မဖြစ်နိုင်သေးကြောင်းလည်း ပြည်နယ် ကောင်စီသို့ ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် အရပ်ဘက်အဖွဲ့အစည်းများက လှူဒါန်းထားသည့်ငွေများဖြင့် လူနေဆောင် ၃၀၀ ကျော်တည် ဆောင်ရန် ပြင်ဆင်နေပြီး စစ်ရှောင်အားလုံးကို အဆောင် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးသည့်အတွက် မဲစနစ်ဖြင့် ခွဲဝေပေးသွားမည် ဖြစ်ကြောင်း စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။

တိမ်ညိုစစ်ဘေးရှာင်စခန်းတွင် လက္ကာကျေးရွာ၊ အောက်သားကန်ကျေးရွာ၊ ဘူးရွက်မညိုး ကျေးရွာ ၊ ပေါက်ပင်ကွင်း ကျေး ရွာ စသည့်နေရာများမှ ပြည်သူ ၃၀၀၀ ကျော် ဝင်ရောက်နေထိုင်ကာ ထိုမီးလောင်မှုကြောင့် လက်ရှိအချိန်တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက ရိက္ခာများ ထောက်ပံ့ထားကြောင်းလည်း သိရသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်းစခန်းတွင် ဝင်ရောက်ခိုလှုံနေသော ပြည်သူများသည် တပ်မတော်နှင့် ရက္ခိုင့် စစ် တပ် (AA )တို့၏ နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ် ပစ်ကာ အသက်လုထွက်ပြေးနေရသူများဖြစ်ပြီး လတ်တလော အခြေအနေတွင် တိုက်ပွဲများ ရပ်စဲနေသော်လည်း နယ်မြေအခြေအနေ စိတ်ချသည့် အခြေအနေ မရှိသဖြင့် အိမ်ပြန်နိုင် ခြင်း မရှိသေးပေ။

You may also like these stories:

အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကို ပုဒ်မ ၅၀၅(က)ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်လည်း အခုချိန်မှာ နားလည်လောက်ပြီ

CDM သည် ဆယ်စုနှစ်များစွာ လှုပ်ရှားမှုအပေါ် အခြေခံတည်ဆောက်ထားသည်

Loading