အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်သည့် ပညာရေးဆိုင်ရာ သင်တန်းများကို တက်ရောက်ခြင်း မပြုရန် ပြည်ထောင်စု အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဧပြီ ၅ ရက်စွဲဖြင့် ပညာရေးဝန်ထမ်းများ အား ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက် စစ်အုပ်စုအားပေး ညွှန်ကြားချက်များဖြင့် ဖေဖော်ဝါရီလမှ စတင် ဖွင့်လှစ်သော ပညာရေးဆိုင်ရာ သင်တန်း၊ ပါရဂူဘွဲ့/မဟာဘွဲ့သင်တန်းများ၊ ဆရာ/ဆရာမများ စွမ်းရည်မြှင့် သင်တန်းများသည် အရည်အချင်း မရှိသော စစ်ကျွန်ပညာ ရေးကို အားပေးသည့် သင်တန်းများဖြစ်ပြီး ပြည်သူ့ အစိုးရမှ အသိအမှတ်ပြု သင်တန်းများ မဟုတ်၍ တက်ရောက်ခြင်း မပြုရန် ညွှန်ကြားကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အကြမ်းဖက် စစ်အုပ်စုမှ ပညာရေးဝန်ထမ်းများအား ရာထူး အတိုး၊ အပြောင်း ညွှန်ကြားချက်များဖြင့် စည်းရုံးပြီး ရာ ထူးတိုး ပြောင်းကြမည့် ပညာရေး ဝန်ထမ်းများကိုလည်း ပြည်သူ့အစိုးရမှ အသိအမှတ်ပြုမည် မဟုတ်ကြောင်း အသိပေး ထားသည်။
မြို့နယ်တချို့ရှိ အခြေခံ ပညာကျောင်းများတွင် ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့် သင်တန်း ဟုဆိုကာ ယနေ့အချိန် ထိ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအနီး ဝန်းကျင်၌လည်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက စောင့်ကြပ်လျက်ရှိ ကြောင်း သိရသည်။

CDM ပါဝင်နေသည့် မူလတန်းကျောင်းအုပ် ဆရာမ တဦးက “အိမ်ကိုတော့ လာအကြောင်း ကြားတယ်။ ကျနော်တို့က တော့ CDM လုပ်နေတယ် ဆိုတဲ့အတွက် သွားလည်း မတက်ဘူး။ ဆက်လည်း မဆက်သွယ်ဘူး” ဟု ဧရာဝတီကို ပြော သည်။
ဧရာဝတီတိုင်းရှိ မြို့နယ်တခုအတွင်း မူလတန်းကျောင်းအုပ်များအတွက် စွမ်းရည်မြှင့် သင်တန်းဟု ဆိုကာ မတ် ၂၂ မှ ၂၄ ရက်ထိလည်းကောင်း၊ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် ဧပြီ ၅ မှ ၇ ရက်ထိလည်းကောင်း ပြုလုပ်လျက်ရှိသည် ဟုလည်း ၎င်းက ရှင်းပြသည်။
၎င်းက “ကျနော်တို့တုန်းက အုပ်ချုပ်ရေးမှူးက အိမ်ကိုလာပြောတယ်။ အလုပ်တွေ ဘာတွေ ပြုတ်နိုင်တယ်။ သူတို့ ကူညီပေး လို့ မရဘူး။ ခွင့်တောင်မှပဲ နာရေးနဲ့ မီးဖွားခွင့်ကလွဲရင် ကျန်တဲ့ခွင့် မပေးဘူးလို့ ပြောပြီး ပြန်ခေါ်တာပေါ့နော်။ အဲဒီလိုမျိုး လေးတွေတော့ ရှိတယ်” ဟု ပြောပြသည်။
ယင်းကဲ့သို့ သင်တန်းများကို နှစ်စဉ် ပြုလုပ်နေကျဖြစ်သော်လည်း ယခုနှစ်တွင်မူ CDM ပါဝင်သည့်၊ အမှန်တကယ် စိတ် ပြတ်သားသည့် ဆရာ၊ ဆရာမများက မတက်ရောက်ဘဲ သွားတက်သူ အရေအတွက်မှာလည်း နည်းပါးကြောင်း သိရသည်။
CDM ဆရာမတဦးက “ကျမတို့က ဂုဏ်ပြုခံချင်လို့ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်။ CRPH ကို အပြည့်အဝ ယုံကြည်လို့ အခုလိုမျိုး CDM လုပ်ဖို့ ဆုံးဖြတ်တဲ့ ဆရာ၊ ဆရာမတွေ ကျန်တာပေါ့နော်။ တကယ်လို့များ အကြောင်း အမျိုးမျိုးကြောင့် ချွတ်ချော်သွားမယ် ဆိုလို့ရှိရင်လည်း ကျမတို့က နောက်ဆုံး အလုပ်ပြုတ်ခံပြီးတော့အထိ သွားမယ်” ဟု ဆိုသည်။

စစ်အာဏာရှင် စနစ်ကို လက်မခံသော CDM ဆရာ၊ ဆရာမများ အနေဖြင့် အဆုံးထိ CDM လုပ်မည်ဟု ဆုံးဖြတ်ထားရာ စစ်ကောင်စီဘက်က ဘာလုပ်ခိုင်းခိုင်း မလုပ်တော့သလို အဆက်သွယ်မျှပင် မလုပ်တော့ဟုလည်း ၎င်းက ဆိုသည်။
ခေတ္တပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၏ ညွှန်ကြားချက်တွင် ပြည်သူ့အစိုးရ၏ ဖက်ဒရယ်ပညာရေးစနစ် စတင် အကောင်အထည် ဖော်ဆောင်တော့မည် ဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများရှိ ပညာရေးကဏ္ဍ အသီးသီးတွင် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများ မကြာမီ ထွက်ပေါ်လာတော့မည်ဖြစ်၍ ကျရာကဏ္ဍများမှ ပါဝင် ဆောင်ရွက်ရန် တာဝန်အသီးသီးကို ပေးအပ်သွားမည်ဟုလည်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ အပေါင်းအပါ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဖျက်သိမ်းခံရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆရာဆရာမများကပါ မဲမသမာမှု ပြုလုပ်ရာတွင် ပါဝင်ကြောင်း စွပ်စွဲပြောဆိုကာ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ ရန်ကုန်တိုင်း ပညာရေးမှူးရုံးရှေ့တွင် ထိုင်သပိတ်ပြုလုပ်နေသည့် ဆရာဆရာမများကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းရာ ဆရာမတဦးသေဆုံးခဲ့သည်။
You may also like these stories:
CDM သည် ဆယ်စုနှစ်များစွာ လှုပ်ရှားမှုအပေါ် အခြေခံတည်ဆောက်ထားသည်
စစ်ကောင်စီ ဝန်ကြီးအဖွဲ့ထဲက တရုတ်နှင့် ပူးသူများ
သင်ပုန်းချေလိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး