ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူခံထားရသည့် ထင်ရှားကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင် များ၊ ဒါရိုက်တာ၊ အဆိုတော် စသည့် အနုပညာရှင်များ အပါအဝင် အွန်လိုင်းတွင် လူသိများကျော်ကြားသူများ အယောက် ၁၂၀ ခန့် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို အမှုဖွင့် အရေးယူကြောင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများကတဆင့် ဧပြီ၂ ရက်မှ စတင် ကာ တရက်လျှင် အယောက်၂၀ ခန့် ထုတ်ပြန် ကြေညာနေခြင်း ဖြစ်ပြီး၊ ဧပြီ ၆ ရက် ညနေပိုင်းတွင်၂၀ ဦး ထပ်တိုးသ ဖြင့် လက်ရှိအချိန်ထိ ၁၂၀ ခန့် ရှိလာပြီ ဖြစ်သည်။
ထိုသို့ မတိုင်ခင် ဖေဖော်ဝါရီလလောက်ကလည်း CDM လှုပ်ရှားမှုများကို လှုံ့ဆော်သည် ဟုဆိုကာ အနုပညာရှင်တချို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ခဲ့သည်။
ယခု ရက်ပိုင်း ထပ်မံထုတ်ပြန်သည့် စာရင်းများအရ အနုပညာရှင်များအပြင် Travel Blogger များ၊ ပရဟိတလုပ်နေသူများ သာမက ဂျာနယ်လစ်များဖြစ်သည့် စည်သူအောင်မြင့်နှင့် မြတ်ကျော်သူ တို့ပါ ပါဝင်လာသည်ကို တွေ့ရသည်။
အဆိုပါ ပုဂ္ဂိုလ်များသည် လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရား ပျက်ပြားစေလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH ကို ထောက်ခံခြင်းများ ကြောင့် အမှုဖွင့် အရေးယူခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် သရုပ်ဆောင် ရဲတိုက် ဖမ်းဆီးခံထားရပြီး၊ ဧပြီ ၅ ရက်တွင် သတင်းသမားတဦးဖြစ်သည့် ကိုဇင် သော်နိုင် ကို ဖမ်းဆီးခဲ့ကာ၊ ယနေ့ (ဧပြီ ၆ ရက်)တွင် ဟာသ သရုပ်ဆောင်တဦးဖြစ်သည့် ဇာဂနာ အဖမ်းခံခဲ့ရသည်။
ပုဒ်မ ၅၀၅ (က) သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင် ဖြည့်စွက်လိုက်သည့် ပုဒ်မတခုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မတခုလည်း ဖြစ်သည်။
ပုဒ်မ ၅၀၅ (က) အရ မည်သူကိုမဆို နိုင်ငံသားတစုကို ဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် (သို့) ထိတ်လန့် စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိလျှက် မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံရွယ် လျှင်၊ အစိုးရဝန်ထမ်း တဦးဦးကို ဖြစ်စေ၊ အစိုးရဝန်ထမ်းတဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် (သို့) ထိုသို့ ကျူးလွန်စေရန် ကြံရွယ်လျှင် (သို့) လှုံ့ဆော်လျှင်ဟု ဖွင့်ဆို ထားသည်။
You may also like these stories:
CNN ကို အင်တာဗျူးဖြေသူ ၉ ဦး စစ်ကောင်စီက ချက်ချင်းဖမ်းဆီး
အရိုးရောဂါအထူးကု ဆရာဝန်ကြီးတဦးကို လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးသွား
အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကို ပုဒ်မ ၅၀၅(က)ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်