စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မ သပိတ်စခန်းကို စစ်တပ်နှင့်ရဲက ယနေ့ နံနက်ကစ၍ ပစ်ခတ်ဖြိုခွင်းသဖြင့် အရပ်သား ၅ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်း ရရှိသည်။
တာဟန်းသပိတ်စခန်းသည် ၂၄ နာရီဖွင့်လှစ်ထားကာ ဆန္ဒပြနေသည့် လူထုသပိတ်စခန်းဖြစ်ကာ ကလေးမြို့၏ ပင်မ သပိတ်စခန်းကြီးလည်း ဖြစ်ပြီး ယင်းစခန်းကို ပေါက်ကွဲအားပြင်း ဗုံးသီးများဖြင့် ပစ်ခတ်ကာ ဖြိုခွင်းခြင်း ဖြစ်သည်။
တာဟန်း သပိတ်စခန်းတွင် ယနေ့ နံနက်ပိုင်းအထိ ရှိနေခဲ့သည့် လူငယ်တဦးက “၅ယောက်က တခါတည်း ပွဲချင်းပြီး ဆုံးတာပါ။ ဒီ့ထက်လည်း ရှိနိုင်ပါသေးတယ်။ ဆုံးတဲ့ ၅ ဦးကတော့ လက်နက်ကြီးမှန်တာပါ။ အဲ့ဒီ့ထဲမှာ တယောက်ကိုပဲ နာမည် အတည်ပြုလို့ရတယ်။ အခြားသူတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေလည်း ပါတယ်”ဟု ပြောသည်။
သေဆုံးသူ ၅ဦးအနက် အတည်ပြုနိုင်သည့်သူ ၁ဦးမှာ ကိုအာကာသူအောင်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသား တဦး ဖြစ်သည်။
လူမှုကွန်ရက်တွင် ပျံနှံနေသည့် ဗီဒီယိုများအရ စစ်တပ်သည် တာဟန်းသပိတ်စခန်းနှင့် ရပ်ကွက်ကို စစ်မြေပြင်သဖွယ် ဝင်ရောက်စီးနင်းသည်ကို တွေ့နေရပြီး၊ ဧပြီ ၆ ရက် နံနက်က စစ်တပ်အရာရှိများက ခံတပ်ဖျက်ပေးရန် တာဟန်း သပိတ် စခန်းမှ တာဝန်ရှိ သူများ လာရောက်ဆွေးနွေးကြောင်း၊ ယနေ့ နံနက် ၁၀နာရီတိုင် ပစ်ခတ်မှုမလုပ်ပါဟု စစ်အရာရှိများက လိမ်လည် ကတိပေးကြောင်း၊ ထို့နောက် နံနက် ၅နာရီတွင် အလစ်အငိုက်ကို ဝင်ရောက်စီးနင်းခြင်းခြင်း ဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုတွင် စက်သေနတ်၊ ဗုံးသီးလောင်ချာများ၊ လက်ပစ်ဗုံးများ သုံးကာ ပင်မခံတပ်နေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းပေါ်မှ လည်းကောင်း၊ ကြားလမ်းများဖြစ်သည့် ကျန်စစ်သားလမ်း၊ မြို့ပတ်လမ်းများမှလည်း ညှပ်ကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
သပိတ်စခန်းရှိ လူငယ်များမှာ ညပိုင်းတွင်လည်း ကင်းစောင့်ရသဖြင့် မနက်အစောပိုင်း ၅ နာရီတွင် မာရှယ်လော ချိန် လည်း ကျော်ပြီဖြစ်သဖြင့် လူငယ်များက အနားယူနေချိန်၊ အိပ်နေကြချိန်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သပိတ်စခန်းရှိ လူငယ်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “သပိတ်စခန်းကို သူတို့က ဝင်စီးတော့ လက်နက်ကြီးတွေနဲ့ ၁၅ ချက်လောက် ပစ်တာ၊ ပြီးတော့မှ သေနတ်နဲ့ပစ်တာပါ။ ဒဏ်ရာရတဲ့ထဲမှာဆိုရင် အဆိုးဝါးဆုံးဖြစ်တဲ့ တယောက်က လက်ပြတ်သွားပါတယ်။ ကျန်တဲ့သူ ထိတာတွေလည်း တော်တော်များတယ်။ ကျနော်တို့လည်း အတိအကျ မသိရသေးဘူး။ ကျနော်တို့ကိုယ်တိုင်လည်း သပိတ်စခန်းကနေ ပြေးလာရလို့ပါ”ဟုလည်း ပြောသည်။
ပစ်ခတ်ခံရသည့် လူငယ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပါသည်ဟု ပြောဆိုသော်လည်း ဧရာဝတီက စစ်တပ် အသုံးပြုသည့် လက်နက်ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း ကလေးမြို့တွင်း ဒေသခံများ ရိုက်ယူထားသည့် ဓါတ်ပုံ မှတ်တမ်းများအရ စစ်တပ်က ပေါက်ကွဲအား ပြင်းသည့် ဗုံးသီး၊ အီနာဂါဗုံးသီးများ ကိုင်ဆောင်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။
ကလေးမြို့တွင် လူမှုကူညီရေးဆောင်ရွက်နေသူတဦးက ယနေ့မနက် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅ဦး၏ ရုပ်အလောင်း ကို လူမှုကူညီရေးအသင်းများမှ သယ်ယူထားပြီး ဖြစ်သည်ဟု ပြောသည်။
ဧရာဝတီက စုံစမ်းထားချက်အရ ရုပ်အလောင်း ၅လောင်းအနက် ၃ လောင်းကို ကလေးမြို့ ရင်ခွဲရုံသို့ ပို့ဆောင်လာကြ သော် လည်း ရုပ်အလောင်း ၂လောင်းကို ရဲတပ်ဖွဲ့က လာတောင်းသဖြင့် စစ်ဆေးရုံ တွင် ပို့ဆောင်ထားရသည်ဟု သိရသည်။
လူမှုကူညီရေးဆောင်ရွက်နေသူတဦးက “ အခု ၅ ဦးကတော့ ရုပ်အလောင်းတော့ သေဆုံးတာ အတည်ဖြစ်တယ်။ ဒါပေမယ့် သေဆုံးသူဦးရေက ထပ်တိုးဖို့ရှိနေပါတယ်။ နောက်ထပ် အလောင်းတလောင်းရှိတယ်ဆိုတာရော သတင်းတွေ ရနေလို့ပါ။ စာရင်းထပ်တိုးမယ့် အခြေအနေ ရှိပါတယ်”ဟု ပြောသည်။
စစ်တပ်က တာဟန်းသပိတ်စခန်းကို မနက် ၅ နာရီမှ ၇ နာရီကျော်အထိ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လက်ရှိတွင် တာဟန်းရပ်ကွက် တွင်း စစ်တပ်နှင့်ရဲများက ရှိနေဆဲ ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ကလေးမြို့ ပိတောက်မြိုင်လမ်းထိပ် ရှိ ညီညီထွန်း လက်ဖက်ရည်ဆိုင်အနီးတွင် တွေ့ရသည့် စစ်သားများ(Video credit CJ)
မြို့တွင်း၌လည်း စစ်ကား ၄စီးက လှည့်ပတ် သွားလာနေပြီး ကား ၄ စီးအနက် ၂စီးတွင် စက်သေနတ်များ တပ်ဆင်ထား သည်ဟု မျက်မြင်တွေ့သည့် ဒေသခံများက ပြောသည်။
ကလေးမြို့ဒေသခံများသည် စစ်တပ်၏ အာဏာသိမ်းလုပ်ရပ်ကို ဆန္ဒပြကာ ဆန့်ကျင်နေသည့် အပြင် လူငယ်များကလည်း Kalay Civil Army ကို ဖွဲ့စည်းကာ စစ်တပ်နှင့်ရဲများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
You may also like these story:
ရရာလက်နက်ဖြင့် ပြန်ခံတိုက်ခဲ့သည့် မဏိပူရ်မြစ်ပေါ်က ကမ်းပါးနီ တိုက်ပွဲ