မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ရည် စက်ရုံမှ CDM ဝန်ထမ်းများအား အလုပ်ပြန်ဆင်းကြရန် အထက်လူကြီးများက ပြောဆို ခေါ်ယူမှုများ ရှိနေကြောင်း သိရသည်။
CDM (Civil Disobedience Movement) ပြုလုပ်ထားသည့် ဝန်ထမ်းများကို ဧပြီ ၈ ရက်နေ့တွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ရန် ဒုစက်ရုံမှူးနှင့် ဌာနမှူးများက ဖုန်းဖြင့် ဆက်သွယ်ပြောနေခြင်း ဖြစ်ကြောင်း CDM ဝန်ထမ်းတဦးက ပြော သည်။
“အခုက သူတို့ချော့ပြီးခေါ်တာက ဘာရည်ရွယ်ချက်မှ မရှိပါဘူးပေါ့၊ ၈ ရက်နေ့ ပြန်ဆင်းပါဆိုပြီး CDM လုပ်တဲ့လူတွေကို ခေါ်တယ်။ ကိုယ့်အစိုးရတက်မှ ပြန်ဆင်းမယ်ဆိုပြီး မဆင်းနိုင်ဘူးလို့ ပြန်ပြောထားတယ်” ဟု CDM ပြုလုပ်နေသည့် ဝန်ထမ်းက ပြော သည်။
မတ်လ ၁၆ ရက်ကလည်း လုပ်ငန်းခွင်သို့ ပြန်ဝင်ရောက်ရန် ခေါ်ဆောင်မှုရှိပြီး ထိုရက်တွင် အလုပ်ပြန်ဆင်းပါက CDM လုပ် ထားသည့် ရက်များကို ခွင့်အဖြစ် သတ်မှတ်ပေးမည်ဟု ညှိနှိုင်းမှု ရှိကြောင်း သိရသည်။
သို့သော် အာဏာသိမ်းပြီးနောက် ခွင့်တိုင်ခြင်းကိုမှု CDM ပြုလုပ်မည် ဆိုပါက ခွင့်ရက်ပေးမည် မဟုတ်ကြောင်း ဝန်ထမ်း များကို ပြောကြားကြောင်း ဆိုကြသည်။
ဝန်ထမ်း ၁ ဦးက “ပြီးခဲ့တဲ့နှစ်တုန်းကလည်း ခွင့် ၁ ရက်မှ မယူခဲ့တဲ့အတွက် ရပိုင်ခွင့်ရှိတယ်ဆိုပြီး ခွင့်ကိုတိုင်တယ်။ CDM လုပ်တာ ဘာခွင့်မှမပေးဘူးလို့ ပြောတယ်” ဟု ဆိုသည်။
ရေနံဓာတ်ငွေ့ရည် စက်ရုံမှ CDM ဝန်ထမ်းများအနေဖြင့် လစာရရှိခြင်း မရှိသည့်အပြင် ဝန်ထမ်းအိမ်ရာမှလည်း ပြောင်းရွှေ့ ပေးပြီး ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်းအိမ်ရာမှ တရားဝင်ဖယ်ခိုင်းခြင်း မရှိသော်လည်း လုံခြုံမှု မရှိသည့်အတွက် ပြောင်းရွှေ့ ထားရခြင်း ဖြစ်ကြောင်း ဝန်ထမ်းများထံက သိရသည်။
ကုန်ကြမ်း ပို့ဆောင်ပေးသည့် စက်ရုံများလည်း CDM ပြုလုပ်ကာ ရပ်ဆိုင်းထားသည့်အတွက် မင်းဘူးမြို့အမှတ် (၁) ရေနံ ဓာတ်ငွေ့ရည် စက်ရုံသည်လည်း ဖေဖော်ဝါရီလ ၉ ရက်ကစပြီး ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လအတွင်းက လုံခြုံရေးနှင့် ဆိုင်သည့် ပုံနိုပ်ပစ္စည်းများထုတ်လုပ်သောဝါဇီစက်ရုံ လည်ပတ်နိုင်ရန် ဓာတ်အားပေးနေသည့် အရာတော် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ဖိအားမြှင့်စက်ရုံမှ လုပ်သားများ CDM လုပ်ကာ သပိတ်မှောက်သည့်အတွက် ဝါဇီစက်ရုံ ရပ်ဆိုင်းသွားခဲ့ရသည်။
စစ်ကောင်စီသည် ဝန်ထမ်းများ၏ CDM လုပ်ဆောင်မှုနှင့် ပတ်သက်၍ သတင်းများတွင် အလျဉ်းသင့်သလို ထည့်သွင်း ကြေညာပြောဆိုမှုများကို တွေ့နေရပြီး၊ တခြားသော နိုင်ငံများတွင် ဆန္ဒပြမှုများ ရှိသော်လည်း CDM လုပ်ဆောင်မှု မရှိကြောင်း၊ ယခုအခါ CDM သည် တိုင်းပြည်ကို ဖျက်ဆီးနေသည်နှင့် တူကြောင်း ပြောဆိုနေသဖြင့် ၎င်းတို့အနေဖြင့် အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နိုင်ခြင်းမရှိတော့သည်ကို အထင်အရှားတွေ့ရသည့် သဘောဖြစ်သည်။
လွှတ်တော်ကိုယ်စားပြု ကော်မတီမှ ဖွဲ့စည်းထားသည့် အစိုးရကလည်း CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ အပေါ် ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူ ဆောင်ရွက်ခြင်း ပြုသည့် ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အကြီး အကဲများ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်းတဦးချင်းစီအား မှတ်တမ်းထား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၁၆ ရက် ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားသည်။
ထို့ပြင် CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများကို မူလအလုပ်တာဝန်များ တည်မြဲရေး၊ နစ်နာမှုများ ပြန်လည် ကုစားနိုင် ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများ ဆောင်ရွက်သွားမည့်အပြင် တခြားသော ချုပ်နှောင်ထိန်းသိမ်းခံရခြင်း၊ ထောင်ဒဏ်ကျခံရ ခြင်းတို့ရှိခဲ့ပါကလည်း ပြစ်မှုမှတ်တမ်းများကို ခြွင်းချက်မရှိ ပယ်ဖျက်မည် ဖြစ်ကြောင်းနှင့် Non CDM ဝန်ထမ်းများကို ထိ ရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဌာနက အတိအလင်း ထုတ်ပြန်ကြေညာထား သည်။
You may also like these stories:
စစ်ကောင်စီဖွင့်သည့် ပညာရေးသင်တန်းများ မတက်ရန် ဒေါက်တာ ဇော်ဝေစိုး ညွှန်ကြား
ပင်လယ်ဘူးမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်