သတင်း

မြန်မာ့နွေဦး တော်လှန်ရေး အကြောင်း သင်ကြားဖို့ တောင်ကိုရီးယားတွင် တိုက်တွန်းမှုများ ရှိ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နွေဦးတော်လှန်ရေး ဖြစ်ရပ်များနှင့် ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့ ရှိ အခြေခံပညာကျောင်း သင်ခန်းစာများတွင် ပညာပေး ထည့်သွင်းသင်ကြားရန် ဆိုလ်းမြို့၏ ကြီးကြပ်ရေးမှူး ဂျိုဝှီယောင်းက ယမန်နေ့က တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။

ဂွမ်းဂျူး ဒီမိုကရေစီ အရေးပုံအား ပြန်လည် အမှတ်ရစေသည့် မြန်မာ့နွေဦးတော်လှန်ရေးအား ဆိုလ်းမြို့အုပ်ချုပ်မှု အောက်ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် ပညာရေး အထောက်အကူအဖြစ် လေ့လာရန်ရှိကြောင်း ကိုရီးယားနိုင်ငံ YTN သတင်းဌာနက ဧပြီ ၆ ရက်နေ့က ဖော်ပြခဲ့သည်။

“ဝေးကွာတဲ့နိုင်ငံတခုမှာ ဖြစ်ပျက်နေတာကို အမြင်ချဲ့ထွင်ခြင်းအားဖြင့် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အဖွဲ့ဝင် တယောက် အနေနဲ့ အားလုံး အကျုံးဝင်ပြီး ရင့်ကျင့်တဲ့ ကမ္ဘာသူ၊ ကမ္ဘာသားအမြင်ကို လေ့လာဖို့ အခွင့်အလမ်း ဖြစ်တယ်လို့ မြင်တယ်” ဟု ဂျိုဝှီယောင်းက YTN သတင်းဌာနသို့ ပြောခဲ့ကြောင်း သိရသည်။

ပို့ကြားမည့် သင်ရိုးအနေဖြင့်လည်း မြန်မာနှင့် ကိုရီးယားနိုင်ငံတို့၏ ဆက်စပ်မှု၊ ရဲရင့်သော မြန်မာနိုင်ငံသားများ၊ နေ့စဉ်ဘဝ မှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းနှင့် ဒုက္ခသည်များနှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်မည် ဖြစ်ပြီး သင်တန်း အစအဆုံး ၄ ကြိမ် ပို့ချမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခု သင်တန်းကို ပို့ချခြင်းဖြင့် မြန်မာနိုင်ငံအပေါ် နားလည်မှုနှင့် နိုင်ငံသားများ၏ ခုခံမှုသည် လူ့အဖွဲ့အစည်းအပေါ် မည်သို့ သက်ရောက်သည်ကို ဆွေးနွေးရန်ဖြစ်ပြီး ကျောင်းများနိုင်သမျှ များများ လေ့လာစေလိုကြောင်းလည်း ဂျိုဝှီယောင်းက တိုက် တွန်းထားသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူး ဒီမိုကရေစီ အရေးတော်ပုံဖြစ်စဉ်သည် သမ္မတချန်ဒူးဝမ်လက်ထက် ၁၉၈၀ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ကျောင်းသားများက လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စစ်အုပ်ချုပ်ရေးကို ဆန့် ကျင်ဆန္ဒပြရာက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ၁၀ ရက်ကြာမြင့်သည့် ယင်းလူထုတော်လှန်ရေးတွင် စစ်တပ်၏ ပစ်ခတ်မှုများ ကြောင့် ပြည်သူ ရာနှင့်ချီကာ သေဆုံးခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင်မူ ဂွမ်ဂျူး အရေးတော်ပုံ သမိုင်းဖြစ်ရပ် မှတ်တမ်းမှတ်ရာများကိုလည်း UNESCO အဖွဲ့က ကမ္ဘာ့သမိုင်း ဖြစ် ရပ်များ စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။

ဂွမ်ဂျူးအရေးတော်ပုံ အထိမ်းအမှတ်အနေဖြင့်လည်း တောင်ကိုရီးယားနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆောင်ရွက် သူများအား နှစ်စဉ် ဆုချီးမြှင့်လေ့ရှိရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ယင်းဆုကို ရရှိထားသည်။

ကိုရီးယားနိုင်ငံ၊ Jeonju တက္ကသိုလ်တွင်လည်း မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေများနှင့် ပတ်သက်ပြီး “မြန်မာ့ အရေးအခင်း”ခေါင်းစဉ်ဖြင့် သုတေသန စာတမ်းများ ရေးကြရန် ကျောင်းသား၊ ကျောင်းသူများအား အိမ်စာပေးထား ကြောင်း သိရသည်။

အဆိုပါ“မြန်မာ့ အရေးအခင်း”ခေါင်းစဉ်အောက်တွင် ဘာကြောင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်သလဲ၊ လက်ရှိ ဘာ တွေ ဖြစ်ပျက်နေသလဲ၊ ကုလသမဂ္ဂ အနေဖြင့် ဘာကြောင့်တိတ်ဆိတ်နေသလဲ၊ ငါတို့နိုင်ငံ(ကိုရီးယား)က ဘာကြောင့် စိတ် ဝင်စားပေးရတာလဲ စသည့် ခေါင်းစဉ်ငယ်များလည်း ပါဝင်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံမှ လွှတ်တော်အမတ်များ၊ အစိုးရ အဖွဲ့ဝင်အချို့နှင့် ကျောင်းသား အဖွဲ့အစည်းများကလည်း လူထုရွေး ကောက်တင်မြှောက်ထားသည့် အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြနေကြသည့် မြန်မာ ပြည်သူများနှင့် တသားတည်း ရပ်တည်ကြောင်း ထုတ်ပြောခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများတွင်လည်း ၎င်းတို့က ပူးပေါင်း ပါဝင်မှုများ ပြုလုပ်လျက် ရှိသည်။

You may also like these stories:

စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို EU အရေးယူမည်

မင်းဘူး ရေနံဓာတ်ငွေ့ရည်စက်ရုံမှ CDM ဝန်ထမ်းများကို အလုပ်ပြန်ဆင်းခိုင်းနေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading