စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးပြီး ပြည်သူများ ပြည်လည် ခုခံမှုကြောင့် စစ်ကောင်စီ တပ်သားများလည်း အထိအခိုက် ရှိကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ နေ့လယ်၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက စတင် ပစ်ခတ်ခဲ့သဖြင့် ခုခံကာကွယ်ခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး အယောက်၂၀ ကျော် ဒဏ်ရာရရှိထားကာ၊ ပြင်းထန်ဒဏ်ရာဖြင့် စိုးရိမ်ရသည့် သူများလည်း ရှိကြောင်း သိရသည်။
မျက်မြင်တွေ့ရှိသူ ၁ ဦးက “၁ ယောက်ကတော့ ရှေ့ကလူရဲ့ ပုခုံးကို ပေါက်ထွက်ပြီး နောက်ကလူရဲ့ ခေါင်းကို မှန်တာ။ ပုခုံးထိတဲ့ လူကတော့ ဆေးကုသမှု ခံယူနေတယ်။ တချို့တွေက ဗိုက်တွေ ပေါက် ထွက်တယ် တအားကြီး စိုးရိမ်ရတဲ့လူ တွေလည်း ရှိနေတယ်။ အခုချိန်ထိလည်း တိုက်ပွဲက ပြင်းထန်နေတယ်” ဟု ပြော သည်။
ဆက်လက်ပြီး ၎င်းက “သူတို့ဘက်ကလည်း နည်းနည်းတော့ ကျတယ်။ တာယာတွေ မီးရှို့ပြီး တိုက်ရတာဆိုတော့ သူတို့ ကျတာ သေသေချာချာ မမြင်ရဘူး။ ကျတော့ ကျတယ်” ဟု ဆိုသည်။
ဒေသခံပြည်သူများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ပြီး သတင်းပေးသူ ရှိသည့်အတွက် စစ်ကောင်စီ လက်နက်ကိုင် အင်အား ၃၀၀ သည် တန့်ဆည်မြို့ထဲသို့ ဝင်ရောက်လာပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသူများကို အကြမ်းဖက် သတ်ဖြတ် ခြင်း၊ နေအိမ်များအတွင်း အဓမ္မဝင်ရောက် လုယက်၊ ဖျက်ဆီးခြင်းများကြောင့် ပြည်သူများအနေဖြင့် အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှင်သန်ရပ်တည်ပိုင်ခွင့်များအတွက် ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့် အပြည့်အဝရှိကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၁၄ ရက်တွင် အသိပေး ကြေညာထားသည်။
ထိုသို့ ပြည်သူများ အနေဖြင့် ပုဂ္ဂိုလ် ၁ ဦးချင်း ဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့အလိုက်ဖြစ်စေ၊ နေရာဒေသအလိုက် မြို့နယ် အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုံ့ပြန်ဆောင်ရွက်မှု မှန်သမျှသည် ပြစ်မှု မမြောက်ကြောင်း အတိအလင်း ကြေညာထားသည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီ ၆ ရက်အထိ သေဆုံးသူ ၅၈၁ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
ပင်လယ်ဘူးမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်
ကလေးမြို့ တာဟန်းသပိတ်ခံတပ် စစ်တပ်ပစ်ခတ် ၅ဦးထက်မနည်းသေဆုံး