ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ညောင်ဖြူစခန်း ရပ်ကွက်ရုံး မီးကူငြှိမ်းသတ်ပေးခဲ့ရာမှ ဖမ်းဆီးခံရသူ၏ ရုပ်အ လောင်းအား ပြန်ပေးရာတွင် မီးသတ်ကားဖြင့် တိုက်မိ၍ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးသည်ဟု မိသားစုကို အသိ ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကိုအောင်ပိုင်ထွေး(၃၀နှစ်)သည် ဧပြီ ၄ရက် ည ၈နာရီက ညောင်ဖြူစခန်း ရပ်ကွက်ရုံး မီးလောင်စဉ် ပျောက်ဆုံး သွားခြင်းဖြစ်ပြီး၊ သူ့အလောင်းကို ဧပြီလ ၆ ရက်မှ ပြန်ရခြင်းဖြစ်ကာ စစ်တပ်ဆရာဝန်က ဆေးစာတွင် မီးသတ်ကားဖြင့် ဝင်တိုက်မိသည့် အတွက် ဦးခေါင်း တွင်း သွေးယိုစီးမှုဖြစ်ပွားခြင်း၊ ကားစတီယာတိုင်ဖြင့် ရင်ဘတ်ဆောင့်မိသည့်အတွက် အဆုတ်ပေါက် ထွက် သည့် ဒဏ်ရာ တို့ဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ရေးသားထားသည်ဟု သိရသည်။
“မနေ့က ယူလာပြီးတော့ သူတို့က ဆေးစာ ပြောလိုက်တာက ကားချင်း ကားချင်း ဆောင့်မိလိုက်တဲ့ အခါကျတော့ ဦး နှောက်သွေးခဲတယ်လို့ ပြောတယ်။ သွေးယိုစီးတယ်။ နောက် စတီယာတိုင်နဲ့ ရင်ဘတ်ကို တိုက်မိလိုက်တဲ့အတွက် အဆုတ် ကလည်း ပေါက်တယ်ဆိုလား ကြွေတယ်ဆိုလား ပြောတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီက ဆေးစာထုတ်ပေးသော်လည်း ကိုအောင်ပိုင်ထွေး၏ ရုပ်အလောင်းတွင်မူ ဦးခေါင်း ဟက်တက်ကွဲ ဒဏ်ရာ၊ မျက်နှာညို မဲဖူးရောင် ဒဏ်ရာများ၊ နားရွက် ပြတ်လုပြတ်ခင်ဒဏ်ရာနှင့် ကျောတွင်လည်း ဓားဖြင့် ခုတ်ထားသည့် ပြတ်ရှဒဏ်ရာအပြင် ရုပ်အလောင်းကို ရင်ခွဲပြီး ပြန်ချုပ်ထားကြောင်း ၎င်းနှင့်နီးစပ်ရာ အသိုင်းအဝိုင်းက သိရသည်။
ဧပြီလ ၄ ရက်ညက တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲသံနှင့်အတူ မီး လောင်မှု ဖြစ်ပွား သည်ကို ရပ်ကွက်နေ ပြည်သူများက မီးကူငြှိမ်းသပ်ပေးရာတွင် ကူညီပေးသည့်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ပြီး ကိုအောင်ပိုင်ထွေးလည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီ ၆ ရက် အထိ သေဆုံးသူ ၅၈၁ ဦး ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
ကလေးမြို့ တာဟန်းသပိတ်ခံတပ် စစ်တပ်ပစ်ခတ် ၅ဦးထက်မနည်းသေဆုံး