ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာ ဥပဒေ အကျိုးဆောင် Volterra Fietta ဥပဒေ ပညာရှင်အဖွဲ့နှင့် မြန်မာနိုင်ငံအတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုဆိုင်ရာ ယန္တရား (IIMM) အကြီးအကဲ၊ အဆင့်မြင့် အရာရှိများသည် ဧပြီ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
CRPH ၏ သတင်းထုတ်ပြန်ချက်အရ ယင်းအစည်းအဝေးတွင် IIMM နှင့် မြန်မာနိုင်ငံ၏ ဥပဒေအကျိုးဆောင် ကိုယ်စား လှယ်များသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနောက်ပိုင်း စစ်တပ်က ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ပြောဆိုခဲ့သည်ဟု ဆိုသည်။
ယခု တွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုများအတွက်လည်း လာမည့်ရက်များတွင် စီစဉ်ထားကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ တွေ့ဆုံမှုသည်၂၀၂၁ ခုနှစ် ဧပြီ၂ ရက်တွင် မြန်မာနိုင်ငံ (CRPH မှတဆင့် ဆောင်ရွက်သည်)က ၎င်း၏ နိုင်ငံတကာ ဥပဒေအကျိုးဆောင် ကိုယ်စားလှယ်များအား အာဏာသိမ်းခဲ့သည့် စစ်တပ်၏ ကျူးလွန်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ ရှိ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း အမျိုးမျိုးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားရန် ညွှန်ကြားခဲ့ပြီး နောက်ပိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
IIMM (International Investigative Mechanism of Myanmar) ဆိုသည်မှာ မြန်မာစစ်တပ်က ၂၀၁၁ နောက်ပိုင်း ကျူး လွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများကို စုံစမ်းမှတ်တမ်းတင်၊ တာဝန်ရှိမှုများကို သုံးသပ်တင်ပြရန် ကုလသမဂ္ဂက ဖွဲ့ စည်းပေးထားသည့် ယန္တရား (သို့) လုပ်ငန်းစဉ်တခု ဖြစ်သည်။
IIMM ကို လူ့အခွင့်အရေးကောင်စီက ၂၀၁၈ စက်တင်ဘာလတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာ ရာဇဝတ်မှု တရားမျှတရေးရှေ့နေ အမေရိကန်လူမျိုး မစ္စတာ Nicholas Koumjian ကို ခန့်အပ်ခဲ့သည်။
IIMM ဥက္ကဋ္ဌ မစ္စတာ ခွန်ဂျန်ကလည်း “အခုကျူးလွန်နေတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတဲ့အကြောင်း သက်သေပြနိုင်မယ့် မှတ်တမ်းတွေ၊ ပေးခဲ့တဲ့ အမိန့်တွေနဲ့ မူဝါဒတွေကို ဘယ်လို ပြဋ္ဌာန်းခဲ့သလဲဆိုတဲ့ အထောက်အထားတွေကို ပြနိုင်ဖို့အတွက် တရားမဝင် အမိန့်တွေနဲ့ မူဝါဒတွေကို လက်ခံရရှိခဲ့သူတွေ (သို့) သိတဲ့သူတွေက ဆက်သွယ်ပေးပို့ဖို့ တိုက်တွန်းပါတယ်” ဟု ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကတည်းက ထုတ်ပြန်ကြေညာထားသည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ များ၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅၉၈ ဦး သေဆုံးသွားခဲ့ပြီဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည့် ၃၈ ဦး အပါအဝင် ၂၈၀၀ ကျော်မှာလည်း ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
CRPH ကလည်း လက်ရှိအချိန်အထိ စစ်တပ်၏ အရပ်သား ပြည်သူလူထုအပေါ် နိုင်ငံအနှံ့အစီအစဉ်ချမှတ်ပြီး လူ့အခွင့်အ ရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည့် သက်သေ အထောက်အထားပေါင်း ၂၇၂၀၀၀ ကျော် လက်ခံ ရရှိထားကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ သက်သေအထောက်အထားများတွင် ဥပဒေမဲ့သတ်ဖြတ်မှုများ၊ ဖမ်းဆီးထားစဉ် နိုင်ငံရေးအကျဉ်းသား သေဆုံးမှု များ၊ ဖမ်းဆီးထားသူများအား နှိပ်စက်ညှဉ်းပန်းခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သေစေနိုင်သော အင်အားအလွန် အကျွံသုံး၍ နေရာအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ခြင်း၊ ငြိမ်းချမ်းစွာစုဝေးခွင့်ကို ချိုးဖောက်ခြင်းများ ပါဝင်နေ သည်။
ထို့ပြင် တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း၊ သတင်းထောက်များ၊ သတင်းမီဒီယာ ကုမ္ပဏီ များနှင့် ဓာတ်ပုံဆရာများကို ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ အင်တာနက် အသုံးပြုခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်းနှင့် အင်တာ နက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်သည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
You may also like these stories:
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း
ဒီပွဲနိုင်ရင် ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ပြီ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု
ရာဇဝတ်မှုကျူးလွန်သည့် သက်သေခံများပို့ရန် UN ကြေညာချက် ဥရောပနိုင်ငံများ ကြိုဆို