နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အစိုးရ လျှို့ ဝှက်ချက်များအက်ဥပဒေ ဖြင့် တရားစွဲထားမှုအပေါ် လိုက်ပါဆောင်ရွက်ရန် ရှေ့နေပါဝါ မရရှိသေးကြောင်း ရှေ့နေများထံကသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ပါမောက္ခ ရှောင်တာနယ်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန် ကြီးဟောင်း)နှင့် ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)တို့အား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်က လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုထားမှုအား ယနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံး၌ ရုံးချိန်းခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး အမှုစစ်ဆေးနိုင်ခြင်းမရှိသေးပေ။
ရှေ့နေတဦးက “ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာပဲရှိနေတဲ့အတွက် သူ့ဆီက ခန့်အပ်စာရမှ ရှေ့နေ ပါဝါရမယ့်ပုံဖြစ်နေတယ်၊ သူနဲ့တွေ့ခွင့်တောင်းတော့ မရဘူး။ မစ္စတာရှောင်တာနယ်အတွက်လည်း ရှေ့နေမတွေ့ သေးဘူး၊ ကျန် ၃ ဦးကတော့ ရှေ့နေတဦးစီ နာမည်ပါနေတာတွေ့ရတယ်”ဟု ပြောသည်။
နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်သည်။
ယခုကဲ့သို့ ၎င်းတို့အပေါ် လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲဆိုရသည့် အကြောင်းအရင်းအား မသိရှိရသေး သည့်အပြင် စစ်ကောင်စီက အင်တာနက်ဆက်သွယ်မှုများ ဖြတ်တောက်ထားသည့်အတွက်လည်း အမှုအား အွန်လိုင်းဗီဒီယိုကတဆင့် ရုံးထုတ်နိုင်ခြင်းမရှိဘဲ ရုံးချိန်းအား ဧပြီ ၂၂ ရက်ကို ပြန်လည်ချိန်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ ဩစတေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်သည် စစ်တပ်အာဏာသိမ်းကတည်းက အစိုးရခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ၎င်းအားပြန်လွတ်ပေးရန် မိသားစုဝင်များနှင့် ဩစတေးလျနိုင်ငံခြားရေးဝန်ကြီးတို့က တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က လျှို့ ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေပြည်တော် တွင်လည်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့်လည်း တရားစွဲခံထားရသေးသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စေပိုင်ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းတို့ထံက အမေရိကန်ဒေါ်လာနှင့် ရွှေများ လာဘ်ယူခဲ့ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။
ထိုစွပ်စွဲမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီက ထိန်းသိမ်းထားသည့် မောင်ဝိတ်နှင့် ဦးဖြိုးမင်းသိန်းတို့၏ အငြင်းပွားဖွယ် ဝန်ခံချက်ဗီဒီယိုဖိုင် ၂ ခုကိုလည်း ထုတ်ပြန်ခဲ့သေးသည်။
You may also like these stories:
မီးလောင်သွားသည့် တိမ်ညို စစ်ရှောင်စခန်း ပြန်တည်ဆောက်ဖို့ အကူအညီ လို
အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကို ပုဒ်မ ၅၀၅(က)ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်
ဒေါ်အောင်ဆန်းစုကြည်လည်း အခုချိန်မှာ နားလည်လောက်ပြီ