ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ အကျဉ်းထောင်တချို့အတွင်း၌ ထောင်တွင်း ယာယီ တရားရုံး များ ဖွင့်လှစ်၍ နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထားသူများကို ကြားနာ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။
ရန်ကုန်တိုင်းရှိ အင်းစိန်ထောင် မန္တလေးတိုင်းရှိ အိုးဘိုထောင်၊ ပဲခူးတိုင်းရှိ ပြည်ထောင်နှင့် ဧရာဝတီတိုင်းရှိ ဟင်္သာတနှင့် ပုသိမ်အကျဉ်းထောင်များတွင် ထောင်တွင်း ယာယီတရားရုံးများဖြင့် ကြားနာ စစ်ဆေးနေကြောင်း သိရသည်။
ဧရာဝတီတိုင်း တရားရေးဌာနနှင့် နီးစပ်သူ တဦးက “ဟင်္သာတထောင်မှာက မတ်လကုန်ပိုင်းကတည်းက ထောင်ထဲမှာ တရားရုံးဖွင့်ပြီး နိုင်ငံရေးမှုတွေကို အပြင်ရုံး မထုတ်တော့ဘဲ အထဲမှာပဲ ရုံးထုတ်စစ်ဆေးနေတာ။ ပုသိမ်ထောင်မှာတော့ မနေ့က တရားရုံးစဖွင့်တယ်။ ရုံးထိုင်တာတော့ အရပ်သား တရားသူကြီးနဲ့ ဥပဒေအရာရှိက ရုံးလာထိုင်တယ်” ဟု ဧရာဝတီ ကို ပြောသည်။
ပုသိမ်အကျဉ်းထောင်၌ ထောင်ဝင်းအတွင်းရှိ ခန်းမတခုတွင် ယာယီ တရားရုံးပြုလုပ်ထားပြီး ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်မြို့နယ်တို့မှ နိုင်ငံရေးလှုပ်ရှားမှုဖြင့် စစ်ကောင်စီက ဖမ်းဆီးထားသူများကို သတ်မှတ်ထားသောရက် အလိုက် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
တရားရေးဌာနနှင့် နီးစပ်သူက “ထောင်တွင်း တရားရုံးက တရားသူကြီးရယ်၊ ဥပဒေအရာရှိရယ် တရားခံရှေ့နေရယ်ပဲ ဝင်ခွင့်ရတယ်။ မိသားစုရော အပြင်လူရော ဝင်ခွင့်နားထောင်ခွင့် မရှိဘူး။ အဓိကကတော့ နိုင်ငံရေးမှုတွေနဲ့ ဖမ်းလာရင် အပြင်ရုံး မထုတ်တော့ဘဲ ထောင်တွင်း တရားရုံးမှာပဲ ရမန်ယူမယ်။ အဲဒီမှာပဲ ကြားနာစစ်ဆေးပြီး အဲဒီမှာပဲ ပြစ်ဒဏ်ချမယ့် သဘောပဲ” ဟု ပြောသည်။
ရန်ကုန်တိုင်းရှိ အင်းစိန်ထောင်နှင့် မန္တလေးတိုင်းရှိ အိုးဘိုထောင်တို့တွင်လည်း မတ်လအလယ်ပိုင်းမှစတင်၍ ထောင်တွင်း တရားရုံးများဖြင့် ကြားနာစစ်ဆေးနေကြောင်း နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များထံက သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ပုသိမ်မြို့မှ လူ့အခွင့်အရေးအဖွဲ့ (HRWD) ဒါရိုက်တာ ဦးမြင့်နိုင်၏ဇနီး ဒေါ်ခင် ထက်ထက်မျိုးက “ကျမ အမျိုးသားကို ဖမ်းသွားပြီးကတည်းက တစ်ခါမှ တွေ့ခွင့်မရဘူး။ ရှေ့နေနဲ့လည်း တွေ့ခွင့်မပေးဘူး။ အခု ထောင်တွင်း တရားရုံးနဲ့ ထောင်ထဲမှာပဲ စစ်မယ်ဆိုတော့ ကျမတို့ အရမ်းစိုးရိမ်တယ်။ လူ့အခွင့်အရေးအရ ကျမအမျိုး သားအမှုကို မြို့နယ်တရားရုံးမှာပဲ အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်” ဟု ပြော သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော် အာဏာသိမ်းယူပြီးနောက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးသူများကို အစော ပိုင်းကာလတွင် ဘေးစီမံဥပဒေ ပုဒ်မ ၂၅၊ ၃၀ (က)၊ ဒေသန္တရအမိန့် ချိုးဖောက်မှုပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲခဲ့သော်လည်း ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထားသူများကို စစ်ကောင်စီက နိုင်ငံတော်ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)၊ (ခ)၊ (ဃ) ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ တပ်မတော်မှ နိုင်ငံတော် အာ ဏာသိမ်းယူသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီလ ၇ ရက်အထိ စစ်ကောင်စီမှ ပုဒ်မအမျိူးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူ ပေါင်း၂၈၀၀ ကျော်၊ ထိုအထဲမှာ ထောင်ဒဏ်ချမှတ်ထားသူ ၃၈ ဦးရှိနေပြီး အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၆ဝဝ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ
ရပ်ကွက်ရုံးမီး ကူငြှိမ်း၍ ဖမ်းခံရပြီး သေဆုံးသူကို မီးသတ်ကားတိုက်၍ဟု ဆေးစာရေး