သတင်း

လန်ဒန်ရှိ မြန်မာသံအမတ်ကြီး CRPH နှင့် ပူးပေါင်းမည်ဟု ကြေညာ

Want create site? Find Free WordPress Themes and plugins.

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးကို မြန်မာစစ်ကောင်စီကို သစ္စာခံသည့်အဖွဲ့က စီးနင်းထားသောကြောင့် သံရုံးထဲဝင်ခွင့် မရဖြစ်နေသည့် မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပူးပေါင်းမည် ဖြစ်ကြောင်း ယနေ့ကြေညာလိုက်သည်။

မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းသည် ယမန်နေ့ လန်ဒန်စံတော်ချိန် ညနေ ၅ နာရီကျော်သံရုံးမှ ပြင်ပသို့ သွားရောက် ပြီး ပြန်လာစဉ် အင်္ဂလန် နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးနှင့် သံရုံးတာဝန်ခံ(CHARGE’s D’ AFFAIRES) ဒေါက်တာချစ်ဝင်းတို့ အဖွဲ့က သံရုံးအတွင်း အဝင်မခံ တော့ဘဲ တံခါးပိတ်ကာ သံရုံးကို စီးနင်းထားလိုက်ခြင်းဖြစ်ပြီး၊ ဖြေရှင်းရန် ရဲတပ်ဖွဲ့ကို ခေါ်ယူသော်လည်း သံတမန်ပိုင်နက် နယ်မြေဖြစ်သဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပေ။

ထို့အတွက် ယနေ့တွင် သံအမတ်ကြီး ဦးကျော်စွာမင်း၏ ကိုယ်စား လန်ဒန်ရှိ မြန်မာအသိုင်းအဝိုင်းမှ ဦးမင်းသိန်းက မြန်မာသံရုံးအရှေ့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

ဦးမင်းသိန်းက “CRPH အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် အပြောင်းအလဲဖြစ်လိုသူ မည်သူနှင့်မဆို လက်တွဲပြီး အလုပ် လုပ်ပါလိမ့်မယ်။ သံအမတ်ကြီးဟာ CRPH ရဲ့ ထောက်ခံမှု အပြည့်အဝ ရလာပါလိမ့်မယ်။ မတ်လက ကြေညာခဲ့တဲ့ သူ့ရဲ့ ကြေညာချက်ကြောင့် မြန်မာ စစ်အာဏာပိုင်တွေရဲ့ မြန်မာပြည် ပြန်ခေါ်ခြင်းကို သံအမတ်ကြီးဟာ ကြုံရပါတယ်။ အဲဒီ အခါ မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို သူမလိုက်နာဘဲ နေခဲ့ပါတယ်” ဟု ပြောကြားသည်။

သို့သော် သတင်းစာရှင်းလင်းပွဲတွင် ရှိနေသည့် သံအမတ်ကြီး ဦးကျော်စွာမင်းက တစုံတရာ ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပေ။

သံအမတ်ကြီး ဦးကျော်စွာမင်းသည် ပြီးခဲ့သည့် မတ်လ ၈ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab နှင့် တွေ့ဆုံ ဆွေးနွေးထားသူဖြစ်ပြီး ဆွေးနွေးပွဲပြီးသည့်နောက်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးရန် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သူ လည်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ သေကြေနေကြပါတယ်။ အဲဒါက အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်။ တပြည်လုံးကို အစိတ်စိတ်အမွှာအမွှာ ဖြစ်နေပါပြီ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ခန့်အပ်ထား တာဖြစ်ပါတယ်။ ကျနော်က သူ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာရမှာ ဖြစ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက် ထုတ်ရခြင်းနှင့် ပတ်သက်၍ BBC သတင်းဌာနသို့ ၎င်းက ဖြေကြားထားသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ အဖြေမှာ ဝါရှင်တန်၊ လန်ဒန်၊ ဂျီနီဗာ စသည့် နေရာများတွင် မရှိ၊ နေပြည်တော်တွင်သာ ရှိကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆွေးနွေးမှသာ ရလာဒ်ထွက်မည်ဖြစ်ကြောင်းလည်း ဖြေကြားထားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း အမှန်တရားဘက်က ရပ်တည်ရဲသည့် သံအမတ်ကြီး၏ မျိုးချစ်စိတ် နှင့် သတ္တိကို ချီးကျူးကြောင်း ပြောဆိုထားသည်။

သို့သော် အင်္ဂလန်ရောက် မြန်မာများကမူ သံအမတ်ကြီး အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်မလာသည့်အတွက် ဝေဖန်မှုများ ရှိနေသည်။

မြန်မာသံရုံး စီးနင်းခံရသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ရှိအချိန်အထိ တစုံတရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိသေးပေ။

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂ ညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ကို ထောက်ခံမှု ပြုလုပ်ပြီး၊ စစ်ကောင်စီ နိုင်ငံတကာတွင် ရှိသော မြန်မာသံတမန်များကို လဲလှယ်ပစ်ရန် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်ကလည်း NLD အစိုးရ လက်ထက်က နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးချမ်းအေးကို တရုတ်အစိုးရ ကိုယ်စားလှယ်များနှင့် ပြုလုပ်သည့် အရေးပေါ် အစည်းအဝေး ဆိုင်ရာ စာရွက်စာတမ်းများ ပေါက်ကြားမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီဘက်က ဖမ်းဆီး ထိန်းသိမ်းခဲ့ သည်လည်း ရှိသည်။

You may also like these stories:

အိန္ဒိယရဲ့ မြန်မာအပေါ်ရပ်တည်ချက် ဒီမိုကရေစီရေးအတွက်တဲ့လား

စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို EU အရေးယူမည်

မြန်မာ့နွေဦး တော်လှန်ရေး အကြောင်း သင်ကြားဖို့ တောင်ကိုရီးယားတွင် တိုက်တွန်းမှုများ ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading