နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ယနေ့ ဧပြီလ ၈ ရက်နေ့ တွင် ပုဒ်မ ၅၀၅ (က) ဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယနေ့ တရားရုံးသို့ လူကိုယ်တိုင်း ရောက်ရှိလာခဲ့သည့် ကိုသန်းထိုက်အောင်၏ကျန်းမာရေး အခြေအနေ ကောင်းမွန် ကြောင်း၊ အသိမိတ်ဆွေတချို့ နှင့် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ဧည့်တွေ့ ခွင့်လည်း ရရှိခဲ့ကြောင်း သိရသည်။
“ကိုသန်းထိုက်အောင် ကျန်းမာရေး ကောင်းတယ်။ လာမယ့် ရုံးချိန်းမှာ အသုံးအဆောင်ပစ္စည်းတချို့ နဲ့ သူလိုအပ်တဲ့ ဆေး ဝါးတွေ ပို့ပေးဖို့ ပြောတယ်”ဟု ယခုအမှုကို လိုက်ပါကူညီပေးနေသူတဦးက ပြောသည်။
Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်နှင့် ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ ၂ ဦးမှာ လွန်ခဲ့သည့် မတ် လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန်၏ ရုံးထုတ်ကို သတင်း ရယူနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ထိုသို့ဖမ်းခံရပြီးနောက် ဘီဘီစီသတင်းထောက် ကိုအောင်သူရကို မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ သော်လည်း ကိုသန်းထိုက်အောင်မှာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယနေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ် ခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် ကိုသန်းထိုက်အောင်ကို ရက်အတန်ကြာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် မတ်လ ၂၇ ရက်နေ့ တွင် ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားရာမှ ယနေ့ ရုံးထုတ်အပြီးတွင် နေပြည်တော် အချုပ် ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
လာမည့် ရုံးချိန်းကို ဧပြီလ ၂၂ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေပြည်တော်အခြေစိုက် သတင်းထောက် ၃ ဦးဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ ကိုသန်းထိုက် အောင်၊ ဘီဘီစီ သတင်းထောက် ကိုအောင်သူရနှင့် DVB သတင်းထောက်ဟောင်း လက်ရှိ အလွတ်တန်းသတင်းထောက် ကိုအောင်ကိုကိုလတ်တို့ ဖြစ်သည်။
အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကိုလည်း ပုဒ်မ ၅၀၅ (က)ဖြင့် အရေးယူထားပြီး ဧပြီလ ၅ ရက်နေ့က နေပြည်တော် အချုပ်ထောင်တွင် ယာယီတရားရုံးပြုလုပ်၍ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး ၎င်း၏ ရုံးချိန်းကိုလည်း ဧပြီလ ၂၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ သတင်းသမားပေါင်း ၆၁ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၃၀ ဦး၊ ဆက်လက် ဖမ်းဆီးခံထားရသူ ၃၁ ဦး ရှိကြောင်း ပြုစုထားသည့် စာရင်းဇယားတချို့ အရ သိရသည်။
You may also like these stories:
အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကို ပုဒ်မ ၅၀၅(က)ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်
၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် အနုပညာရှင်နှင့် အွန်လိုင်းကျော်ကြားသူ ၁၂၀ ခန့် ရှိလာ
နေပြည်တော် မွေး/ဆေးတက္ကသိုလ်မှ ပါမောက္ခအဆင့်ရှိသူ ၁၀ ဦး ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရ