သတင်း

ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ သိမ်းထားသောမြေများ ဒေသခံများ ပြန်ယူ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီမှ ၁၅ နှစ်ကြာ သိမ်းယူပြီး ပီလောပီနံစိုက်ပျိုးနေသည့် မြေ များကို ဒေသခံများက ပြန်လည် သိမ်းယူလိုက်ပြီဟု သတင်းရရှိသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ တောင်သူများ၏ ခေါင်းဆောင် ဦးအောင်လတ်က “ကျနော်တို့ ဒီမှာရှိတဲ့ ရွာ ၉ ရွာက ဒေသခံ တွေက ဧပြီ ၇ ရက်က စပြီး ကိုယ့်မြေကိုယ် ပြန်သိမ်းယူလိုက်ပြီ။ မြေတွေမှာ စပြီးလည်း ထွန်ယက်နေကြပြီ။ ဘာကြောင့် ကိုယ့်မြေကိုယ် ပြန်သိမ်းလည်း ဆိုတော့ KIO အစိုးရက ယုဇန ကုမ္ပဏီကို ဧပြီ ၇ ရက်မှ နောက်ဆုံးထား ဖျက်သိမ်းလိုက် ပြီလို့ ပြောထားတယ်။ ကုမ္ပဏီ မရှိတော့ ကိုယ့်မြေကိုယ် ပြန်ယူတဲ့ သဘောပါ” ဟု ပြောသည်။

ဟူးကောင်း ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမကြီးတလျှောက်ရှိ နမ့်ဖြတ်၊ တိန်ကောက်၊ တနိုင်း၊ ရှဒူဇွပ်၊ ဝါရာဇွပ်၊ အောင်ရာ၊ နောင်းမီ၊ စံပြနှင့် နောင်လုံကောင်းရာ ရွာများမှ ဘိုးဘွားပိုင်မြေဧက၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက၂၀၀၆ ခုနှစ်ကတည်း က မြေလွတ်မြေရိုင်းအဖြစ် စစ်အစိုးရထံတွင် လျှောက်ထားကာ သိမ်းဆည်းပြီး စီးပွားဖြစ် ပီလောပီနံများ စိုက်ပျိုးလျက်ရှိ သည်။

လီဒိုလမ်းမကြီးပေါ်ရှိ ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအတွင်း၌လည်း ပီလောပီနံ အမှုန့်ကြိတ်စက်ရုံတခုကို ယုဇနကုမ္ပဏီ က တည်ထောင်ထားပြီး ထိုကုမ္ပဏီဝန်းမှ ဝန်ထမ်းများနှင့် ဒေသခံများသည်လည်း ပြေလည်ကြခြင်းမရှိဘဲ မြေအငြင်းပွားမှု များ ဖြစ်ရာတွင်လည်း လူထုကို ရိုက်နှက်ခြင်းများ ရှိသည်။

ထိုစက်ရုံဝင်းကို ဧပြီ ၁ ရက် မနက်၂ နာရီဝန်းကျင်တွင် KIA တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ဖျက်ဆီးပြီးနောက် ယုဇနကုမ္ပဏီကို ဧပြီ ၇ ရက် နောက်ဆုံးထားကာ ဒေသမှ ထွက်သွားပေးရမည်ဟု KIA က ပြော ဆိုထားကြောင်း ဒေသခံများက ဆိုသည်။

ဦးအောင်လတ်က “လူ့အခွင့်အရေးနဲ့အညီ မြေယာလျော်ကြေးရဖို့ အရင်စစ်အစိုးရခေတ်ရော၊ ဒီမိုကရေစီ အစိုးရလွှတ် တော် သက်တမ်းနှစ်ခုမှာရော ကျနော်တို့ မြေတွေကို နည်းအမျိုးမျိုးနဲ့ တောင်းဆိုတယ်၊ တရားဝင်ပြန်ပေးတာ မရှိဘူး။ အခု ယုဇနကုမ္ပဏီကို ဧပြီ ၇ ရက်မှာ အပြီးအပိုင် ထွက်သွားဖို့ KIO က လုပ်ဆောင်လိုက်တော့ သိမ်းဆည်းထားတာတွေရော အားလုံး လူထုလက်ထဲမှာ ပြန်ရောက်လာပြီ။ ဒေသခံတွေက ကိုယ့်ဘာသာကိုယ်ပဲ မြေတွေကို ပြန်ယူလိုက်ပါပြီ” ဟုလည်း ပြောသည်။

ဒေသခံ တောင်သူများသည် ဧပြီ ၇ ရက်ကလည်း ယုဇနကုမ္ပဏီကို အလို မရှိကြောင်း၊ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ထွက် သွားရန်၊ ဒေသခံများက မိမိမြေယာများကို ကိုယ်တိုင် စီမံခန့်ခွဲမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် “ အာဏာရှင်စနစ် အလိုမရှိ”၊ “ကချင်တောင်သူများ CDMကို ထောက်ခံပါသည်” ၊ “တောင်သူ လယ်သမား အခွင့်အရေး ရရှိရေး”၊ “ယုဇနကုမ္ဗဏီ အလိုမရှိ ကျွန်ုပ်တို့မြေမှ အပြီးအပိုင် ထွက်သွားပေးပါ”ဟူသည့် ဆိုင်း ဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရခြင်းမှာလည်း ယုဇနကုမ္ပဏီကို ဖျက်သိမ်းပေးသည့် KIA ၏ လုပ်ရပ်ကို ကြိုဆိုထောက်ခံသည့်အနေဖြင့် ဆန္ဒပြခြင်းဖြစ်ပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသမှ ယုဇနကုမ္ပဏီ အပြီးပိုင် ထွက်ခွာသွားရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယုဇနကုမ္ပဏီကို KIA က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ရှိသော်လည်း ဒေသခံများက မြေများကို ပြန်လည်သိမ်းယူလိုက်ခြင်းနှင့် ပတ်သက်၍ သိရှိခြင်း မရှိပါဟု ဆိုသည်။

ဧပြီ ၁ ရက်က ဝင်တိုက်ရသည့် အကြောင်းအရင်းမှာ ယုဇနကုမ္ပဏီစက်ရုံဝန်းသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ များ စခန်းချရာ နေရာ၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သိုလှောင်ရာ နေရာဟူ မသင်္ကာသဖြင့် ဝင်ရောက် တိုက် ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဗိုလ်မှူးကြီး နော်ဘူက “တိုက်ပွဲဘယ်လောက် ပြင်းထန်ခဲ့လဲ ကျနော် မသိဘူး။ ဒါပေမယ့် ကုမ္ပဏီပိုင် ကားတွေ စက် ယန္တရားတွေ တော်တော်များများတော့ ဖျက်ဆီးလိုက်တယ်လို့ သတင်းရပါတယ်။ ဒါကြောင့် ပြည်သူလူထုကလည်း ယုဇန ကုမ္ပဏီကို နလန်မထူနိုင်အောင် အမြစ်ပြတ်အောင် ထွက်ပြေးသွားအောင် ပြောင်းသွားအောင် ဆန္ဒပြတဲ့ အဖွဲ့တွေတော့ ရှိကြပါတယ်။ ကျန်တာတော့ ကျနော်လည်း ဘာမှ မသိရပါဘူး” ဟု ပြောသည်။

ယုဇနကုမ္ပဏီကို ဖျက်သိမ်းကြောင်းနှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ထွက်သွားရန် အောက်ခြေတပ်ဖွဲ့များမှ ပြောဆို ထားခြင်း ရှိမရှိကိုလည်း ၎င်းအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ယုဇနကုမ္ပဏီသည် ကချင်တောင်သူများ ပိုင်ဆိုင်သည့် ဘိုးဘွားပိုင် မြေယာများကို စစ်အစိုးရနှင့် ပူးပေါင်း၍ သိမ်းဆည်း ခြင်း၊ လူထုက လုပ်ကိုင်စားသောက်ခွင့် မရသဖြင့် တရားရုံးများတွင် တိုင်ကြားသော်လည်း တရားမျှတမှု မရသည့်နောက် ကြောင်းများဖြင့် လူထုနှင့် ပြဿနာ ဖြစ်နေသည့် ကုမ္ပဏီဖြစ်ပါသည် ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

လက်ရှိတွင် ယုဇနကုမ္ပဏီသည် ဟူးကောင်းချိုင့်ဝှမ်းဒေသမှ တောင်သူခေါင်းဆောင် ဦးအောင်လတ် အပါအဝင် ၃ ဦးကို ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းတွင် တိုင်ကြားထားသဖြင့် ထို ၃ ဦးကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့နှင့် စစ်တပ်က လိုက်လံ ရှာ ဖွေလျက် ရှိသည်။

ယုဇနကုမ္ပဏီမှ တိုင်ကြားထားချက်နှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီက ကာမိုင်းရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။

ဟူးကောင်းချိုင့်ဝှမ်း ဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် ယုဇနကုမ္ပဏီကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

You may also like these stories:

ကုလသမဂ္ဂအထူးသံတမန်က အရေးယူရန်တောင်းဆိုသော်လည်း ဆန္ဒပြပွဲများကို ဆက်လက်ဖြိုခွဲ

တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ရှမ်းဒုက္ခသည်များ ဗုံးခိုကျင်း ပြင်ဆင်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading