ဧရာဝတီတိုင်းရှိ မြို့နယ်တချို့တွင် PSI စလောင်း (ဂြိုဟ်တုစနစ်သုံး ဒစ်ဂျစ်တယ် ရုပ်သံဖမ်းစက်) များကို လိုက်လံဖြုတ်သိမ်းခိုင်းမှုများ ရှိနေကြောင်း သိရသည်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူး တချို့က ဖြုတ်သိမ်းခိုင်းခြင်း ဖြစ်ကြောင်း မအူပင်မြို့နေ ပြည်သူတဦးက ပြောသည်။
၎င်းက “အခုတပ်ထားတဲ့ PSI စလောင်းတွေက တရားဝင် မဟုတ်ဘူးပေါ့လေ။ အဲဒါကြောင့် ဖြုတ်ထားပါ။ လာစစ်လို့ တွေ့ရင် အရေးယူမယ်လို့ ပြောတယ်” ဟု ဆိုသည်။
တချို့ရပ်ကွက်များတွင် အော်လံဖြင့် ရပ်ကွက်အတွင်း လိုက်လံသတိပေးနေခြင်းဖြစ်နေပြီး ရပ်ကွက်တချို့၌မူ ရပ်ကွက်လူကြီးမှတဆင့် နီးစပ်ရာ သတင်းများ ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်သည်။
ယခုအခါ PSI တပ်ဆင်ထားသည့် နေအိမ် အတော်တော်များများက ဖြုတ်သိမ်းထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးတဦးက ” ဖြုတ်သိမ်းလိုက်ပြီ။ သူတို့က လာရင် ကောင်းကောင်းမွန်မွန် ဖြုတ်သိမ်းခိုင်းမှာ မဟုတ်ဘူး။ ကိုယ့်ပစ္စည်းတွေကို ရိုက်ခွဲချိုးဖျက်သွားမှာ” ဟု ပြောသည်။
ပြီးခဲ့သည့် လပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့တွင် PSI စလောင်းများ ဖြုတ်ထားရန် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
လက်ရှိတွင် တိုင်းနှင့်ပြည်နယ်ရှိ မြို့နယ်များတွင် အီလက်ထရောနစ် အရောင်းဆိုင်များတွင် ရောင်းချသည့် PSI စလောင်းများ ရဲတပ်ဖွဲ့က လိုက်လံသိမ်းဆည်းခြင်းများ ပြုလုပ်လျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစီးဆင်းမှု အားနည်းစေရန် ရည်ရွယ်ချက်ဖြင့် အင်တာနက် အသုံးပြုခွင့်ကို ကန့်သတ်ပိတ်ပင်ထားခဲ့သည်။
ယခုအခါ ပြည်တွင်း သတင်းဌာနများ ဖြစ်သည့် Mizzima, DVB TV ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှုနိုင်သည့် PSI စလောင်းများကိုပါ ကန့်သတ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့၏ လုပ်ရပ်များကို ဖော်ထုတ်မည့် ပြည်တွင်းမီဒီယာများကို နှိပ်ကွပ်မှုများ ပြုလုပ်ခဲ့ရာ Myanmar Now၊ DVB၊ Mizzia၊ 7day တို့ကို ပိတ်သိမ်းခဲ့ပြီး ဧရာဝတီသတင်းကို အမှုဖွင့်ထားသည်။
သို့သော် အဆိုပါမီဒီယာများက အွန်လိုင်းမှတဆင့် ဖြစ်ပျက်နေသည့် အခြေအနေများကို ပြည်သူထံ အချိန်နှင့် တပြေးညီ တင်ပြနေသည့်အတွက် အင်တာနက်လိုင်းများ ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့ပြန်သည်။
ထို့အတွက်လည်း ဧပြီလ ၆ရက် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ပြည်တွင်းမီဒီယာများကို အချိန်မီထိန်းချုပ်နိုင်သော်လည်း ပြည်ပမီဒီယာများကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ထည့်သွင်း ကြေညာသွားခဲ့သည်။
စစ်တပ်မှ တိုင်းပြည်အာဏာကို ၃ ကြိမ်သိမ်းယူခဲ့ရာ ၁၉၆၂၊ ၁၉၈၈ အာဏာသိမ်းစဉ်က မြန်မာအသံ၊ ရုပ်မြင်သံကြားစသည်ဌာနများကို သိမ်းပိုက်ကာ မိမိလိုရာ ဝါဒဖြန့်ချိရေးတွင် သုံး၍ သတင်းစီးဆင်းမှုကို ထိန်းချုပ်နိုင်သော်လည်း ယခုတကြိမ်တွင် ပြည်တွင်း ပြည်ပမီဒီယာများသာမက ဆိုရှယ်မီဒီယာကလည်း အားကောင်းနေရာ စစ်ကောင်စီ၏ သတင်းထုတ်လွှင်မှု ဝါဒဖြန့်ချိမှုများမှာ အောင်မြင်မရသည်အပြင် စည်းကမ်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ ပစ္စည်း လုယူခြင်းစသည့် ဥပဒေမဲ့ တရားလက်လွတ်ပြုကျင်မှုများကို မှတ်တမ်းတင်ပြနိုင်သည့်အတွက် လူထု၏ ယုံကြည်မှုအပိုင်းတွင် ကျရှုံးသွားခဲ့သည်။
You may also like these stories:
“ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား
တမူးတွင် ကုန်စုံဆိုင်ကို တပ်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်
စစ်ကောင်စီတပ်များက YBS ယာဉ်များကို ရပ်ခိုင်းပြီး ခရီးသည်များကို ကန်ကျောက်ရိုက်နှက်