မြန်မာနိုင်ငံရှိ တရုတ်သံရုံးသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုသောကော်မတီအဖွဲ့ဝင်များနှင့် ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးခဲ့သည်။ ဘေ့ဂျင်းသည် မြန်မာနိုင်ငံမှ အဖွဲ့အစည်းအားလုံးအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအရ အဖြေရှာရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။
ရန်ကုန်ရှိ တရုတ်သံရုံးမှ ကောင်စစ်ဝန်တဦးသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အဖွဲ့ဝင်များသို့ လွန်ခဲ့သောအပတ်က ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်များစွာက အတည်ပြုပြောကြားသည်။ စစ်ကောင်စီ၏ တရားဝင်မှုကို စိန်ခေါ်ရန် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုအပြီး NLD လွှတ်တော်ကိုယ်စားလှယ်များက တည်ထောင်ခဲ့သော CRPH သည် ပြည်တွင်းပြည်ပထောက်ခံမှုများ ရရှိနေသည်။
ထိုသို့ဖုန်းဖြင့် ဆက်သွယ်ခြင်းသည် တရုတ်အရာရှိများနှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသော NLD လွှတ်တော်ကိုယ်စားလှယ်များအကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။ ဘေ့ဂျင်းမှ အရာရှိများနှင့်တွေ့ဆုံရန် CRPH က ယခင်က တောင်းဆိုခဲ့ဖူးသည်။
ထိုသို့ဖုန်းဖြင့်ဆက်သွယ်စဉ် စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများကို နှစ်ဖက်ဆွေးနွေးကြကြောင်း သိရသည်။
CRPH က စစ်ကောင်စီခေါင်းဆောင်များကို ဖြုတ်ချရန်နှင့် အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထိန်းသိမ်းရေးအတွက် မြန်မာပြည်သူများနှင့် ၎င်းတို့ကို ထောက်ခံရန် တရုတ်နိုင်ငံကို တောင်းဆိုကြောင်း ဧရာဝတီသတင်းဌာနက သိရသည်။
ဖုန်းဖြင့်ဆက်သွယ်စဉ်အတွင်း တရုတ်ကောင်စစ်ဝန်က လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေသည် တရုတ်နိုင်ငံက မြင်တွေ့လိုသည့် အခြေအနေမဟုတ်ဆိုသည့် တရုတ် သံအမတ်၏ ယခင်စကားကို ထပ်လောင်းပြောကြားပြီး အကြမ်းဖက်မှုမြင့်မားနေစဉ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် စိုးရိမ်ကြောင်းပြောကြားခဲ့သည်။
ထိုရင်းနှီးမြှုပ်နှံမှုများကို ယခင် NLD အစိုးရက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တရုတ်အရာရှိက CRPH အဖွဲ့ဝင်များကို သတိပေးသည်။
လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်ကျောထောက်နောက်ခံပြု စက်ရုံ ၃၂ ရုံ ပျက်စီးရခြင်းမှာ မြန်မာဆန္ဒပြသူများကြောင့်ဖြစ်ကြောင်း တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်သတင်းစာက မတ်လတွင် ဖေါ်ပြခဲ့သည်။ ထိုစွပ်စွဲချက်ကို ဆန္ဒပြသူများက ပယ်ချပြီး ထိုတိုက်ခိုက်မှုသည် ပြင်းထန်သော ဖြိုခွဲမှုများပြုလုပ်ရန် အကြောင်းပြသည့်အနေဖြင့် စစ်ကောင်စီက အကွက်ချ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။
မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများအကြား ဆွေးနွေးပြောဆိုနိုင်ရန် ဘေ့ဂျင်းက ကြားဝင်ဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို တရုတ်သံအရာရှိက ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိပေ။ သို့သော် ဘေ့ဂျင်းသည် CRPH နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားလိုကြောင်း ထိုအရာရှိကပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မည်သို့သော အခြေအနေများဖြစ်ပေါ်နေသည်ဖြစ်စေ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လမ်းကြောင်းမှ ပြောင်းလဲမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက မတ်လတွင်ပြောကြားခဲ့သည်။ သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံပြီး ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် CRPH က တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူများနှင့် ရပ်တည်ပြီး စစ်ကောင်စီကို မထောက်ခံရန် ဘေ့ဂျင်းသို့ စာရေးတောင်းဆိုခဲ့သည်။
လွန်ခဲ့သောအပတ်က အမေရိကန်ပြည်ထောင်စုကလည်း တရုတ်အနေဖြင့် ၎င်းတို့၏ သြဇာသက်ရောက်မှုကို အသုံးချပြီး စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကို အရေးယူရန် တိုက်တွန်းပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် သြဇာကြီးမားသောကြောင့် ယခုထက် ပိုမိုလုပ်ဆောင်နိုင်ကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ပြတ်ပြတ်သားသားရပ်တည်ရန် ပျက်ကွက်နေခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီကို ပြင်းထန်သော ဖိအားပေးရန် မြန်မာနိုင်ငံတွင်းမှ ဒီမိုကရေစီလိုလားသော အုပ်စုများက တောင်းဆိုနေစဉ်တွင် ဘေ့ဂျင်းသည် စစ်ကောင်စီခေါင်းဆောင်များကို အရေးယူရန်နှင့် နောက်ထပ်သွေးချောင်းစီးမှုကို တားဆီးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အားထုတ်မှုများကို အကြိမ်ကြိမ် ပိတ်ဆို့ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဘေ့ဂျင်း၏ ရပ်တည်ချက်ကြောင့် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ မြင့်မားလာသည်။
မြန်မာနိုင်ငံမှ ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများက မြန်မာရှိ တရုတ်စီမံကိန်းများကို ဆန့်ကျင်ရန် တောင်းဆိုထားသည်။ ကုလသမဂ္ဂတွင် တရုတ်၏ရပ်တည်မှုအတွက် မြန်မာရှိ တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှစ်ခုကို ဖေါက်ခွဲရန်ပင် အချို့က တောင်းဆိုကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Chinese Embassy Makes Contact With Myanmar’s Shadow Government ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီ ဝန်ကြီးအဖွဲ့ထဲက တရုတ်နှင့် ပူးသူများ
“ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား
CRPH ဥပဒေ ကိုယ်စားလှယ်များနှင့် IIMM တို့ ပထမဆုံးအကြိမ် တွေ့ဆုံ
လန်ဒန်ရှိ မြန်မာသံအမတ်ကြီး CRPH နှင့် ပူးပေါင်းမည်ဟု ကြေညာ