စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ဖေဖေါ်ဝါရီ ၁ရက်မှ ဧပြီ ၈ရက်အထိ ၆၇ ရက်အတွင်း သတ်ဖြတ်ခံရသူ ၆၁၄ ဦး ရှိ ကြောင်း၊ တနေ့လျှင် ပျမ်းမျှ ၉ ဦးနှုန်း အကြမ်းဖက်သတ်ဖြတ်နေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း (AAPP) က ထုတ်ပြန်သည်။
အဆိုပါ AAPP ထုတ်ပြန်သည့် စာရင်း၌ ယနေ့ ပဲခူးမြို့တွင် စစ်ကောင်စီ၏ တပ်နှင့် ရဲက ပစ်ခတ်သဖြင့် သေဆုံးသူများ ပါဝင်ခြင်း မရှိသေးပေ၊ ပဲခူးဒေသခံများ အဆိုအရ ယနေ့သတ်ဖြတ်မှုတွင် လူပေါင်း ၂၀ခန့် သေဆုံးနိုင်သည်ဟု ဆိုသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီ အာဏာသိမ်းပြီး ရက်ပေါင်း ၆၇ရက်အတွင်း သေဆုံးသူများ အများစုမှာ ၎င်းတို့၏ လွပ်လပ်ခွင့်နှင့် ဒီမိုကရေစီ ရရှိရေးအတွက် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြရင်း သေဆုံးခဲ့ရသူများ ဖြစ်သည်။
သတ်ဖြတ်ခံခဲ့ရသူများအနက် ၆ နှစ်နှင့် ၃ လအရွယ် ကလေးငယ်အပါအဝင် ဆယ်ကျော်သက်ကလေးငယ်များ ပါဝင်ခဲ့ပြီး အချို့ မှာ ၎င်းတို့၏ နေအိမ်တွင်ပင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
၁ နှစ်နှင့်၂ နှစ်အရွယ်သာ ရှိသေးသည့် ကလေးငယ်အချို့လည်း စစ်ကောင်စီတပ်ဖွဲ့များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမှာ အချို့မှာ ထာဝစဉ် မသန်စွမ်းဘဝကို ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သည်။
သတ်ဖြတ်ခံရသူ အများအပြားမှာ ခက်ခက်ခဲခဲ ရရှိထားသည့် ဒီမိုကရက်တစ်အခွင့်အရေးများနှင့် လွတ်လပ်မှုများအတွက် ဆန္ဒပြရင်း အသတ်ခံခဲ့ရခြင်းဖြစ်ပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို ဖော်ထုတ်ပြသရုံမျှဖြင့် လူ ထောင်ချီ၍ ဒဏ်ရာရကြသို့မဟုတ် အဖမ်းခံကြရခြင်း ဖြစ်သည့်အတွက် အကြမ်းဖက်မှုကို ရပ်တန့်ရန်၊ နိုင်ငံရေးအရ ဖမ်း ဆီးခံထားရသူအားလုံးကို လွှတ်ပေးရန်၊ ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်ပေးရန် နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များက စုပေါင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဩစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်၊ နှင့် နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်နှင့် အမေရိကန် ပြည် ထောင်စုတို့၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက စုပေါင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသော စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၈ ရက်ထိ ဖမ်းဆီးခံရသူ၂,၈၅၇ ဦး ရှိပြီး ဖမ်းဝရမ်း ထုတ်ခံရသည့်အတွက် တိမ်းရှောင်နေသူ ၅၀၀ ဦး ရှိ သည်။
ယနေ့ (ဧပြီ ၉ ရက်)တွင် ပဲခူးမြို့၌ မနက်အစောပိုင်းအချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူအများအပြားရှိခဲ့ကာ ဒဏ် ရာရသူများလည်း ရှိနေကြောင်း သိရသည်။
ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ် ဖမ်ဆီးမှုများ သာမက စစ်ကောင်စီသည် FTTH ဖိုက်ဘာလိုင်းများမှအပ ကျန်အင်တာနက်များ အားလုံးကို ဖြတ်တောက်ခြင်းအပြင် ပြည်တွင်း သတင်းဌာနများဖြစ်သည့် Mizzima ၊ DVB TV ရုပ်သံလိုင်းများ ဖမ်းယူ ကြည့်ရှုနိုင်သည့် PSI စလောင်းများကို သိမ်းဆည်းခြင်းတို့ဖြင့် ပြည်သူလုထု၏ သိပိုင်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် များကို ထိန်းချုပ်နေခြင်း ဖြစ်သည်။
You may also like these stories:
တန့်ဆည်တွင် ပြည်သူ ၆ ဦး သေဆုံး၊ ပြန်လည်ခုခံမှုကြောင့် စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိ
ကလေးမြို့ စစ်တပ်ပစ်ခတ်မှု သေဆုံးသူ ၁၁ ဦးရှိ