စစ်ကောင်စီ ဝင်ငွေရလမ်းတခုဖြစ်သည့် နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းအရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်က ယမန့်နေကကြေညာလိုက်သည်။
ဒဏ်ခတ်ပိတ်ဆို့နှင့်ပတ်သက်ပြီး “စစ်တပ်၏အကြမ်းဖက်မှုများ မရပ်တန့်မချင်း၊ မတရားဖမ်းဆီးထားသူ အားလုံး ကိုပြန် မလွှတ်ပေးမချင်း၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာထားသည်ကို မ ရုတ်သိမ်းမချင်း၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများ မဖယ်ရှားမချင်း၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ ပြန်လည်ရောက်ရှိအောင် မဆောင်ရွက်မချင်း အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်အာဏာရှင်၏ ဘဏ္ဍာရေး စီးဆင်းမှုအပေါ် ဖိအားများတိုးမြှင့်ပေးသွားမည်ဖြစ်သည့်အကြောင်း စစ်တပ်ကိုအချက်ပေးလိုက်ခြင်း ဖြစ်သည်”ဟုလည်း ၎င်းကဆိုထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က အနေဖြင့် စစ်ကောင်စီ၏ အဓိကစီးပွားရေး လုပ်ငန်းကြီးများဖြစ်သည့် ဦးပိုင်နှင့် MEC တို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်အရေးယူထားပြီး ဥပရောသမဂ္ဂ(EU) အနေဖြင့်လည်း ပိတ်ဆိုမှုများပြလုပ်ရန် ရှိနေသည်။
လက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ပြည်တွင်းကျပ်ငွေဖြင့် ရောင်းချသည့် ကျောက် မျက်ပြပွဲတခုကို နေပြည်တော်တွင် ဧပြီ ၁ ရက်နေ့ကစတင်ကျင်းပနေပြီး ဖွင့်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။
ယင်းပြပွဲတွင် ကျောက်မျက်အတွဲ ၂ ထောင်ကျော်ပြသထားပြီး ပြပွဲတက်ရောက်ရန် အသင်းဝင် ကျောက်မျက်လုပ် ငန်းရှင်များအား ဖိအားပေးမှုများရှိခဲ့ပြီး ပြပွဲလာရောက်သူများ၏ အချက်အလက်များကိုလည်း ဖုံးကွယ်ပေးထား မည်ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိထားသည်။
ကျောက်မျက်ပြပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဘက်က ပါဝင်တက် ရောက်ကာ ရောင်းဝယ်သည့် ကုမ္ပဏီများအား အမည်ပျက်စာရင်း(Black List)သွင်းမည်ဖြစ်ကြောင်း ကြေညာ ထားသည်။